တရုတ်ဒုံးကျည်တွေမှာ ပစ်လွှတ်ဖို့ လိုအပ်တဲ့ လောင်စာဆီ မဖြည့်ထားဘဲ ရေတွေဖြည့်ထားတဲ့ ကိစ္စလိုမျိုး စစ်တပ်ထဲ ဆိုးဆိုးရွားရွား အကျင့်ပျက်ခြစားမှုတွေ ဖြစ်နေတာကြောင့် သမ္မတရှီကျင့်ဖျင်က တပ်တွင်းရှင်းလင်းရေးကို အကြီးအကျယ် လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန် ထောက်လှမ်းရေး သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဘလွန်းဘာ့ဂျ်သတင်းဌာနက ဇန်နဝါရီ ၇ ရက်မှာ ဖော်ပြပါတယ်။
နိုင်ငံရဲ့ စစ်လက်နက်ထုတ်လုပ်ရေး နယ်ပယ်တခုလုံးမှာ အထူးသဖြင့် Rocket Force လို့ခေါ်တဲ့ ဒုံးကျည်တပ်မဟာအတွင်း ကျယ်ပြန့်လွန်းတာကြောင့် တရုတ်ဟာ မျှော်လင့်ထားသလို နှစ်အနည်းငယ်အတွင်း စစ်ရေးအင်အားအကြီးဆုံး နိုင်ငံတနိုင်ငံ ဖြစ်လာဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။
ဘလွန်းဘာ့ဂျ်ကို ဖြေဆိုခဲ့ကြတဲ့ သတင်းရင်းမြစ်တွေက အမည်ဖော်ပြခြင်း မပြုဖို့တော့ တားမြစ်ထားပါတယ်။
ဒုံးကျည်ထဲ ရေဖြည့်ထားတာအပြင် တရုတ်နိုင်ငံအနောက်ပိုင်းက ဒုံးကျည်လွှတ်စင်တွေက တကယ် အလုပ်မလုပ်နိုင်ဘဲ ဟန်ပြဖြစ်နေတာတွေကို ဥပမာပေးပြီး တရုတ်ရဲ့ စစ်ဆင်နွှဲနိုင်စွမ်းဟာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
လွန်ခဲ့တဲ့ခြောက်လအတွင်း သမ္မတရှီကျင့်ဖျင်ဟာ တရုတ်သမိုင်းမှာ အကြီးမားဆုံး တပ်တွင်း သန့်စင်မှုကြီး လုပ်ခဲ့ရတာဟာ ဒီကိစ္စကြောင့်ဖြစ်တယ်လို့ အမေရိကန်က ကောက်ချက်ချပါတယ်။
ဒီလိုအခြေအနေကြောင့် နှစ်အနည်းငယ်အတွင်း စစ်ပွဲကြီးတပွဲတိုက်ဖို့ တရုတ်အနေနဲ့ အသင့်မဖြစ်သေးဘူးလို့လည်း သုံးသပ်ထားပါတယ်။
စစ်ဘက်ရာထူးကြီးပိုင်းတွေ အမြောက်အမြား ဖယ်ရှားလိုက်တာဟာ ရှီကျင့်ဖျင် တဦးတည်း အတွက် ကြည့်ရင်တော့ အားနည်းသွားတာမဟုတ်ဘဲ တပ်ကို သူဘယ်လောက်အထိ ထိန်းချုပ်ထားနိုင်သလဲ ဆိုတာကို ဖော်ပြတာ ဖြစ်တယ်လို့လည်း အမေရိကန် ထောက်လှမ်းရေးဘက်က သုံးသပ်ထားပါတယ်။
ရှီကျင့်ဖျင်ရဲ့ တပ်တွင်းအဂတိသန့်စင်ရေး လှုပ်ရှားမှုဟာ မကြာသေးမီ ကာလအတွင်းမှာ လူသိရှင်ကြား ဖြစ်လာခဲ့တာပါ။
နောက်ဆုံးတခေါက် ဒီဇင်ဘာ ၂၉ ရက်မှာ စစ်ဘက်က ကိုးဦး ဖယ်ရှားခဲ့ရာမှာ ငါးဦးက ဒုံးကျည်တပ်မဟာဘက်ကဖြစ်ပြီး နှစ်ဦးက စစ်လက်နက်ပစ္စည်းဖွံ့ဖြိုးရေးဌာနက ဖြစ်ပါတယ်။
အဲဒီရက်မတိုင်မီကလည်း နိုင်ငံပိုင် ဒုံးကျည်ထုတ်လုပ်ရေး လုပ်ငန်းတွေက ထိပ်တန်းအရာရှိကြီးသုံးဦးကို လူသိရှင်ကြား ထုတ်ပယ်ခဲ့ပါသေးတယ်။
အဲဒီဖြစ်စဉ်တွေမတိုင်မီ အောက်တိုဘာလထဲမှာ ကာကွယ်ရေးဝန်ကြီး လီရှန်ဖူကို အရင်ဖယ်ရှားခဲ့တာပါ။
ဒါက လူသိရှင်ကြားလုပ်တာဖြစ်ပြီး လူမသိသူမသိ ဖြုတ်ထုတ်ခံရတဲ့ ရာထူးကြီးပိုင်းတွေလည်း အများကြီးရှိနေတယ်လို့ ဆိုပါတယ်။
Source/Photo-Reuters