မလေးရှားနိုင်ငံပိုင် ပင်လယ်ပြင်ထဲမှာ အထောက်အထား စာရွက်စာတမ်း မပါရှိဘဲ တရားမဝင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၄ ယောက်ကို ဇန်နဝါရီ ၇ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ မလေးရှားကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မလေးရှားနိုင်ငံ၊ ဆီလန်ကာရေပြင်မှာ တရားမဝင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အသက် ၁၆ နှစ်မှ ၄၆ နှစ်ကြား အထောက်အထား စာရွက်စာတမ်း မပါရှိတဲ့ မြန်မာနိုင်ငံသား ၅ ဦးကို ဇန်နဝါရီ ၇ ရက် မနက် ၁၀ နာရီလောက်က ဆီလန်ကာရေကြောင်းညွှန်ကြားရေးမှူး မိုဟာမတ်ဆာလတ် ဦးဆောင်တဲ့အဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
ပီရတ် ရေကြောင်းညွှန်ကြားရေးမှူး မိုဟာမတ်ဟမ်ဘလီ ဦးဆောင်တဲ့အဖွဲ့ဟာ ဇန်နဝါရီ ၇ ရက် မွန်းတည့် ၁၂ နာရီခန့်က ပီရတ်ရေပြင်မှာ မသင်္ကာဖွယ်ရာ ငါးဖမ်းနေတဲ့ လှေနှစ်စီးကို စစ်ဆေးခဲ့ရာ လှေပေါ်မှာ အသက် ၂၇ နှစ်မှ ၄၇ နှစ်ကြား အထောက်အထား စာရွက်စာတမ်း မပါရှိတဲ့ မြန်မာနိုင်ငံသား ၃ ဦးကို တွေ့လို့ ဖမ်းဆီးခဲ့ပါတယ်။
ကူလာကူရာကီရေပြင်မှာလည်း ဇန်နဝါရီ ၇ ရက် မွန်းလွဲပိုင်းက တရားမဝင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေတဲ့ အသက် ၂၄ မှ ၃၆ နှစ်ကြား မြန်မာနိုင်ငံသား ၆ ဦးကို ကူလာကူရာကီ ရေကြောင်းညွှန်ကြားရေးမှူး အာဇန်ဟာမစ်က ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးခဲ့တဲ့ မြန်မာနိုင်ငံသား ၁၄ ဦးကို အထောက်အထား စာရွက်စာတမ်း မပါရှိဘဲ မလေးရှားမှာ နေထိုင်တာနဲ့ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်တဲ့အတွက် လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ အရေးယူသွားမှာဖြစ်ပြီး ကမ်းခြေမှ ၁၅ မိုင်အတွင်း ငါးဖမ်းတာနဲ့ ငါးဖမ်းလှေတွေ မှတ်ပုံမတင်ထားတဲ့အတွက် ငါးလုပ်ငန်းဥပဒေ ပုဒ်မ ၈(ခ) နဲ့ အရေးယူသွားမယ်လို့ မလေးရှား ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်ကလည်း မလေးရှားနိုင်ငံ၊ ပီရတ်ပြည်နယ်မှာ တရားမဝင် ငါးဖမ်းခဲ့တဲ့ မြန်မာနိုင်ငံသား ၃ ယောက်ကို မလေးရှားကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။