ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ ဇန်နဝါရီ ၇ ရက် ညနေက စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဇန်နဝါရီ ၇ ရက် ညနေ ၄ နာရီလောက်မှာ မြောက်ဦး အခြေစိုက် ခမရ ၃၇၇ တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပုရိမ်ရွာအနီးနားမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြောက်ဦးမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
အဲဒီလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ ရွာပြင်မှာ နွားကျောင်းနေတဲ့ ပုရိမ်ရွာက အသက် ၁၄ နှစ်အရွယ် မောင်ဘန်ဒအာလီရဲ့ လည်ပင်းညာဘက်အခြမ်းမှာ လက်နက်ကြီးကျည်စ ထိမှန်ကာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး နီးစပ်ရာဆေးရုံမှာ အရေးပေါ် ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
မြောက်ဦးမြို့နယ်၊ ချောင်းသစ်ကျေးရွာကိုလည်း ည ၈ နာရီခွဲလောက်မှာ မြောက်ဦးအခြေစိုက် ရဲတပ်ရင်း ၃၁ က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ်တအိမ်မှာ ကျရောက်ပေါက်ကွဲကာ လင်မယားနှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။
ဒေသခံတဦးက “အဲဒီရဲတပ်ရင်းက လက်နက်ကြီး ၅ လုံး ပစ်တာမှာ ရွာထဲက နေအိမ်တအိမ်မှာ တလုံး ကျရောက်ပေါက်ကွဲခဲ့တာဗျ။ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ ချောင်းသစ်ရွာက အိမ်ရှင် အသက် ၅၆ နှစ်အရွယ် ဦးအောင်ကျော်စိန်နဲ့ ဇနီးဖြစ်သူ အသက် ၅၀ အရွယ် ဒေါ်မကျန်စိန်တို့မှာ လက်နက်ကြီးကျည်စ ထိမှန်ကာ ဒဏ်ရာတွေရရှိခဲ့လို့ ဆေးဝါးကုသမှု ခံယူနေရတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် မြောက်ဦးမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီဘက်က ည ၁၂ နာရီဝန်းကျင်မှာ ဂျက်တိုက်လေယာဥ်တစင်းနဲ့ ဗုံး ၈ လုံးထက်မနည်း ကြဲကာ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် တိမ်ညိုနဲ့ သပြေကန်ကျေးရွာနားတွေမှာ ၃ လုံး ပေါက်ကွဲခဲ့ပြီး နေအိမ်တအိမ် ပျက်စီးခဲ့ကာ အိုးထိန်းကျေးရွာနားမှာ မပေါက်ကွဲတဲ့ ဗုံးတလုံး တွေ့ရှိထားတယ်လို့ ဆိုပါတယ်။
မြောက်ဦးမြို့မှာ ဒီဇင်ဘာ ၂၄ ရက်ကနေ ဇန်နဝါရီ ၈ ရက် မနက်ပိုင်းအထိ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူ ၁၉ ယောက် သေဆုံးပြီး ၃၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ အများပြည်သူသွားလာနေတဲ့ လမ်းတွေမှာ စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းတွေ ထောင်ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကျောက်တော်မြို့ မြို့အဝင်လမ်းတွေ၊ လမ်းဆုံလမ်းခွတွေ၊ လူနေရပ်ကွက်တွေမှာ ကျောက်တော်အခြေစိုက် စခက ၉ က စစ်ကောင်စီတပ်သားတွေက မြေမြှုပ်မိုင်းတွေ ထောင်ထားတာကို တွေ့ရှိရတယ်လို့ ကျောက်တော်မြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီတပ်က သူတို့ရဲ့ စစ်တပ်ပတ်ဝန်းကျင်တွေမှာသာမက အရပ်သားပြည်သူတွေ နေထိုင်တဲ့ နေရာတွေကိုပါ မိုင်းထောင်တာဟာ ပြည်သူတွေကို တမင်ထိခိုက်စေချင်တဲ့ သဘောနဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာတာလို့ ဆိုပါတယ်။
ရှာဖွေတွေ့ရှိခဲ့တဲ့ မိုင်းတချို့ကိုတော့ ဇန်နဝါရီ ၇ ရက် မနက်ပိုင်းမှာ ရက္ခိုင့်တပ်တော် (အေအေ) က ရဲဘော်တွေ မိုင်းရှင်းလင်းတာတွေ ပြုလုပ်ပေးခဲ့ကြပြီး မတွေ့ရှိသေးတဲ့ မိုင်းတွေ အများကြီးရှိနိုင်တာကြောင့် မိဘပြည်သူတွေ သတိထားပြီး သွားလာကြဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
ကျောက်တော်မြို့နယ်မှာ ဇန်နဝါရီ ၆ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်ထောင်ထားတဲ့ မြေမြှုပ်မိုင်း နင်းမိပြီး အမျိုးသမီးတယောက် ခြေထောက်တဖက် ပြတ်ထွက်သွားကာ အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။