ဧရာဝတီတိုင်းမှာ တောင်သူတွေလက်ထဲ စပါးလက်ကျန် မရှိတော့တဲ့အချိန်မှ စပါးကြမ်းတင်း ၁၀၀ ကို ငွေကျပ် ၁၉ သိန်းနဲ့စံချိန်တင် အမြင့်ဆုံးဈေးပေါက်နေပြီး လက်ရှိပေါက်နေတဲ့ စပါးဈေးဟာ တောင်သူတွေအတွက်အကျိုးမရှိဖြစ်နေတယ်လို့ ဧရာဝတီတိုင်းက တောင်သူတွေ ဆီကနေ သိရပါတယ်။
ဧရာဝတီတိုင်းက တောင်သူတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အဆမတန် မြင့်တက်နေတဲ့ စိုက်ပျိုးရေး သွင်းအားစုဈေး၊ နွေစပါးဆက်စိုက်ဖို့ စိုက်ပျိုးစရိတ်အရင်း ပြန်လည်အသုံးပြုဖို့အတွက်နဲ့ အတိုးနဲ့ ချေးယူထားတာကို ပြန်သွင်းရတာ စတဲ့ အခြေအနေတွေကြောင့် အရင်လို စပါးမသိုလှောင်ထားနိုင်ဘဲ မိုးစပါးတွေ စတင် ပေါ်ချိန်ကတည်းက ထုတ်ရောင်းခဲ့ကြရလို့ စပါးရှားလာပြီး အခုလို ဈေးထိုးတက်လာတာလို့ သိရပါတယ်။
တောင်းသူတယောက်က “ကုန်သည်တွေက စပါးကို လိုချင်တဲ့အခါကျတော့ ဈေးတွေပေး ဝယ်နေကြတာ။ လက်ကျန်စပါးတွေ ရှားလာတာရယ်ကြောင့် စပါးဈေးက ၁၉ သိန်းအထိ ပေါက်နေတာ။ ပြီးခဲ့တဲ့နှစ်နွေ စပါးပေါ်တဲ့အချိန် မိုးစပါးပေါ်တဲ့အချိန်တွေက စပါးတင်း ၁၀၀ ကို ငွေကျပ် ၁၁ သိန်း လောက်အပြင် ဈေးကပိုမရခဲ့ဘူး။ ဒါ့ကြောင့် အခုပေါက်နေတဲ့စပါးဈေးက တောင်သူတွေအတွက် ဘာ အကျိုးမှမရှိဘူး” လို့ ပြောပါတယ်။
စစ်တပ်အာဏာသိမ်းကတည်းက တောင်သူတွေ အဆင်မပြေဖြစ်ခဲ့ပြီး တောင်သူ အများစုက မိုးစပါးတွေကို ရောင်းထုတ်ပြီး နွေစပါးစိုက်ပျိုး စရိတ်ပြန်လုပ်ရလို့ လက်ထဲစပါးမထားဘဲ ရောင်းထုတ်ခဲ့ရတယ်လို့ သူက ပြောပါတယ်။
“ဒီနှစ်တွေမှာကလည်း နိုင်ငံရေး အခြေအနေအရ ဘယ်နေ့ ဘာဖြစ်မယ်မသိဖြစ်နေတာ။ ဒါကြောင့် စပါးပေါ်တာနဲ့ အကုန်ထုတ်ရောင်း ပစ်လိုက်ကြတာ။ လုပ်စရာရှိတာတွေကို လုပ်နေရတာပဲ။ ကုန်ဈေးနှုန်းတွေက အကုန်ထိုးတက်နေတာ။ စပါးမလှောင် နိုင်တာ ၂ နှစ် ကျော်ပြီ။ ၁၉ သိန်းတက်တက်၊ သိန်း ၂၀ တက်တက် တောင်သူတွေ အတွက်အကျိုးမဖြစ်ဘူး” လို့ ပြောပါတယ်။
ဆန်စပါးဈေးကွက်မှာ ပြည်တွင်းအစားများတဲ့ဆန်တွေဖြစ်တဲ့ ရွှေဘိုပေါ်ဆန်း စပါးတင်း ၁၀၀ ကို ငွေကျပ် ၂၆ သိန်း၊ တောင်ပျံ ပေါ်ဆန်းစပါးတင်း ၁၀၀ ကို ငွေကျပ်သိန်း ၂၄ ဈေးပေါက်နေပြီး သီးထပ်၊ ရက် ၉၀၊ ဇီယာ၊ ထိုင်းဘေးကြား၊ မနောသုခ၊ ဆင်းသုခ၊ ဧရာမင်း၊ ပခမ်း၊ ရွှေသွယ်ရင် စတဲ့ စပါးအကြမ်း တင်း ၁၀၀ ကိုငွေကျပ် ၁၈ သိန်းကနေ ၁၉ သိန်းအထိ စံချိန် တင်ဈေးနှုန်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
လယ်သမားအရေးဆောင်ရွက်ပေးသူ ဆန်စပါး ရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “တောင်သူတွေအတွက်တော့ အခုဖြစ်နေတဲ့ စပါးပေါက်ဈေးက ဘာမှ အကျိုးမထူးဘူး ဆိုတာ ဟုတ်တယ်။ ဘာလို့ဆို တောင်သူတွေက စပါးအတက်ဈေးနဲ့ မရတဲ့အပြင် အဆမတန်မြင့်တက်နေတဲ့ ရိတ်ခြွေခပေးရတာ၊ စက်သုံးဆီဈေးတက်တာ၊ ဓာတ်မြေဩဇာဈေး တက်တာတွေကို အလူးအလဲခံနေရတာလေ။ တနှစ်နဲ့ တနှစ်ဒါနဲ့ပဲ ကုန်နေတာ။ နောက်ပြီး ဒီနှစ်မှာက စပါးတွေကို ရွှေခရုကိုက်ဖျက်စီးတာ၊ အချိန်အခါမဟုတ် မိုးမိတာ၊ ဒီအခက်အခဲတွေလည်း ကြုံနေရတာ။ တချို့တောင်သူတွေဆို လာမယ့် နွေစပါးပြန် စိုက်ဖို့အတွက် အပြင်ကနေ အတိုးနဲ့ချေး လုပ်နေရတယ်တဲ့” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းက တောင်သူတွေဟာ လယ်ယာစိုက်ပျိုးရေး သွင်းကုန်ပစ္စည်းတွေ အဆမတန်ဈေးနှုန်းမြင့်တက်နေလို့ စပါးစိုက်ပျိုးရေးအတွက် လိုအပ်သလောက် မသုံးနိုင်ခဲ့တာကြောင့် ဒီနှစ်စပါး အထွက်နှုန်း ၄၀ ရာခိုင်နှုန်းအထိ လျော့ကျခဲ့တာကြောင့် စစ်တပ်အာဏာမသိမ်းခင်က ၁ ဧက စပါး တင်း ၁၀၀ နဲ့အထက် ထွက်တဲ့လယ်မှာ လက်ရှိ တင်း ၆၀ လောက်ပဲ ထွက်တော့တယ်လို့ ဒေသခံ တောင်သူတွေဆီက သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီက သက်ဆိုင်ရာ သတ်မှတ်တဲ့ အခြေခံရည်ညွန်း စပါးပေါက်ဈေး ကလည်း လက်တွေ့ မြေပြင်မှာ အကျိုး မဖြစ်ဘဲ ဆန်ကိုဝယ်စားရတဲ့သူ အများစုသာ ဈေးကြီးကြီးနဲ့ဝယ် စားနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။