ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ၂၉ ရပ်ကွက်မှာ ဇန်နဝါရီ ၆ ရက် မနက်ပိုင်းက လိုင်းခန်း ၂ ထပ်အဆောင် ၁ လုံးနဲ့ နေအိမ် ၂ လုံး မီးလောင်ခဲ့တယ်လို့ မြန်မာမီးသတ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။
သုဝဏ္ဏ ၂၉ ရပ်ကွက်၊ မီးဒုံး ၅ လမ်းမှာ မနက် ၆ နာရီလောက်က လောင်ခဲ့တာဖြစ်ပြီး မီးလောင်တဲ့နေရာကို သင်္ဃန်းကျွန်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ သာကေတ မြို့နယ်နဲ့ သုဝဏ္ဏမီးသတ်စခန်းတို့က မီးသတ်ယာဉ် ၅ စီး၊ ရေသယ်ယာဉ် ၂ စီးနဲ့ အရပ်ဖက်အသင်းယာဉ် ၁၀ စီးတို့က ထွက်ခွာငြှိမ်းသတ်ခဲ့ကြပါတယ်။
Medical လူငယ်များအသင်းတာဝန်ရှိသူတယောက်က “အိမ်က ၂ လုံးနဲ့ လိုင်းခန်းအခန်းတွဲ ၁ ခု လောင်သွားပါတယ်။ စုစုပေါင်းဆို ၃ လုံးပါ။ မီးဒုံး ၅ လမ်းထဲမှာ။ လူထိခိုက်မှုတော့ မရှိပါဘူး။ အကုန်လုံးနီးပါး လောင်သွားတယ်” လို့ ဆိုပါတယ်။
ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တာကြောင့် မနက် ၆ နာရီ မိနစ် ၂၀ လောက်မှာ မီးထိန်းနိုင်ခဲ့ကြပြီး မနက် ၆ နာရီ ၂၆ မိနစ်လောက်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ကြကာ မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ပျက်စီးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့က စစ်ဆေး တွက်ချက်နေဆဲ ဖြစ်ပါတယ်။
ရန်ကုန်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်တရက်တည်းမှာပဲ မြောက်ဥက္ကလာပမြို့နယ်၊ လမ်းမတော်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ လှိုင်မြို့နယ်၊ အင်းစိန်မြို့နယ်တို့မှာ မီးလောင်မှု ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး နေအိမ် ၆ လုံး၊ တိုက်ခန်း ၁ ခန်း၊ အဆောက်အဦ ၁ ခုနဲ့ ကား ၁ စီး ပျက်စီးခဲ့သလို အမျိုးသမီး ၁ ယောက် သေဆုံးခဲ့တယ်လို့ မြန်မာ မီးသတ်ဌာနချုပ် မှတ်တမ်းအရ သိရပါတယ်။