ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့နယ် မဟာဝမ်းအုပ်စုထဲမှာ အသက် ၁၈ နှစ်အရွယ် မြန်မာလူငယ် ၁ ဦး ဓားထိုးခံရပြီး သေဆုံးသွားတယ်လို့ 77kaoded ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
မဟာဝမ်းအုပ်စု ကျေးဒီးတို့ကျေးရွာ ၆ ရပ်ကွက်ရှိ တောစပ်နားမှာ လူသေအလောင်း တွေ့ရှိ ကြောင်း ပြည်သူတွေက အကြောင်းကြားတဲ့အတွက် သွားရောက်စစ်ဆေးခဲ့တယ်လို့ မဲဆောက်နယ်မြေ ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ဇန်နဝါရီ ၄ ရက် ဒီနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။
သေဆုံးသူမှာ အသက် ၁၈ နှစ်ရွယ် မြန်မာလူငယ် ကိုနိုင်မျိုးဆိုဖြစ်ပြီး နောက်ကျောမှာ ချွန်မြတဲ့အရာနဲ့ အထိုးခံထားရတဲ့ ဒဏ်ရာ၊ မျက်နှာမှာ ဓားနဲ့မွှန်းခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာလို့ ဆိုပါတယ်။
မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်အရ အဆိုပါလူငယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ည နှစ်သစ် ကူးပွဲခင်းထဲမှာ လူငယ် ၁ ဦးနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ ဆိုတဲ့အတွက် တာဝန်ရှိသူတွေက အဆိုပါလူငယ်ကို လိုက်လံရှာဖွေဖမ်းဆီးခဲ့ပါတယ်။
နောက်ဆုံးတော့ သူ့ကို မဲဆောက်မြို့ ရပ်ကွက်တခုမှာ ပုန်းခိုနေတာကိုတွေ့ရှိကြောင်း၊ အခင်းဖြစ်တဲ့ညက ဝတ်ဆင်ခဲ့တဲ့ ရှပ်အင်္ကျီအဖြူကွက်ကျား နဲ့ အဖြူစင်းပါဘောင်းဘီနက်ကိုရော၊ လူသတ်ရာမှာ အသုံးပြုခဲ့တဲ့ ဦးချွန်ဓားမြှောင်ကိုပါ သက်သေအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ် ။
လူသတ်တရားခံလို့ယူဆရမှာ အသက် ၂၁ နှစ်အရွယ် ကိုရန်လေးဆိုသူဖြစ်ပြီး သူ့ကို မဲဆောက်မြို့မ ရဲစခန်းက တမင်ရည်ရွယ်လူသတ်မှု၊ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက် နေထိုင်မှုတွေနဲ့ အရေးယူသွားမယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။
ကိုးကား - 77kaoded