အစ္စရေးကို ဟားမတ်စ်ရဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်သူတွေ အားလုံးကို အစ္စရေးက ခြေရာခံ ရှာဖွေသွားမယ်လို့ အစ္စရေး မော့ဆက် ထောက်လှမ်းရေးအကြီးအကဲက ဇန်နဝါရီ ၃ ရက်မှာ ကတိပြု ပြောပါတယ်။
မော့ဆက်ထောက်လှမ်းရေးညွှန်ကြားရေးမှူး ဒေးဗစ်ဘာနီးက“အောက်တိုဘာ ၇ ရက် လူသတ်ပွဲကြီးမှာ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီး ပါဝင်ခဲ့မယ်ဆိုရင် သူ့သွေးသူ့သားကိုလည်း ဆုံးရှုံးရမယ်ဆိုတာ အာရပ်မိခင်တိုင်း သိကြပါစေ” လို့ မော့ဆက်အကြီးအကဲဟောင်း ဇဗီ ဇာမီယာရဲ့ ဈာပနမှာ ဂုဏ်ပြုမိန့်ခွန်းပြောကြားရင်း ထည့်ပြောခဲ့တာပါ။
အစ္စရေးဟာ စစ်ပွဲတပွဲရဲ့အလယ်ကို ပြန်ရောက်နေပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်က ကြုံခဲ့ရတဲ့အတိုင်း ဒီနေ့မှာလည်း မော့ဆက်က အောက်တိုဘာ ၇ ရက်မှာ ဂါဇာကမ်းမြောင်ကို ဖြတ်ကျော်သောင်းကျန်းခဲ့တဲ့ လူသတ်သမားတွေ၊ စီစဉ်ကြိုးကိုင်သူတွေနဲ့ သူတို့ကို စေလွှတ်သူတွေ အားလုံးကို ဖြေရှင်းသွားဖို့ သန္နိဋ္ဌာန်ချထားတယ်လို့ ဆိုပါတယ်။
မြူးနစ်အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရပြီးနောက်မှာ အချိန်ယူခဲ့သလိုပဲ အခုလည်း အချိန်ယူ ဖြေရှင်းသွားမှာဖြစ်ပြီး ဘယ်ကိုပဲရောက်နေပါစေ သူတို့ကို အရဖမ်းသွားမယ်လို့ ပြောသွားပါတယ်။
၁၉၇၂ ခုနှစ်က အနောက်ဂျာမနီမှာ ကျင်းပတဲ့ မြူးနစ်နွေရာသီအိုလံပစ်ပွဲတော်မှာ ပါလက်စတိုင်းစစ်သွေးကြွ ၈ ယောက်က အစ္စရေးအိုလံပစ်အဖွဲ့ဝင် ၂ ယောက်ကို သတ်ဖြတ်ပြီး ၉ ယောက်ကို ဓားစာခံ ခေါ်ဆောင်သွားခဲ့တဲ့ ဖြစ်ရပ်ကို မော့ဆက်ခေါင်းဆောင်က ရည်ညွှန်းပြောဆိုသွားတာ ဖြစ်ပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်း ဟားမတ်စ်တို့ကြားစစ်ပွဲဟာ ဟားမတ်စ်လက်ထောက် ခေါင်းဆောင်တဦး ဘေရွတ်မှာ သတ်ဖြတ်ခံရမှုနဲ့ အတူ ဇန်နဝါရီ ၂ ရက်က လက်ဘနွန်ကို ရောက်ရှိလာခဲ့ပါတယ်။
လက်ဘနွန်မြို့တော် ဘေရွတ်မှာ ဒရုန်းနဲ့တိုက်ခိုက်မှုအတွင်း ဟားမတ်စ်လက်ထောက်ဆာလေး အယ်လ် အာရိုရီ အသတ်ခံရကြောင်းကို အစ္စရေးက အတည်လည်းမပြု၊ ငြင်းဆိုထားခြင်းလည်း မရှိပါဘူး။
စစ်ဘက် ပြောရေးဆိုခွင့်ရှိသူကတော့ အစ္စရေးတပ်ဖွဲ့တွေဟာ အဆင်သင့်ဖြစ်နေမှုက အမြင့်ဆုံးအဆင့်မှာ ရှိနေပြီး ဘယ်လိုအခြေအနေမျိုးအတွက်မဆို ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။
Source/Photo-Reuters