ရန်ကုန်-မန္တလေး လမ်းဟောင်း ပဲခူးတိုင်း၊ ကညွတ်ကွင်းမြို့၊ ဂုန်းတဲကျေးရွာအနီးရှိ စစ်ကောင်စီရဲ့ ကင်းစခန်း ၅ ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဇန်နဝါရီ ၄ ရပ် ဒီမနက် လွတ်လပ်ရေးနေ့မှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ တော်ဝင်ဒေါင်းစစ်ကြောင်းက သိရပါတယ်။
တော်ဝင်ဒေါင်းစစ်ကြောင်းက ရဲဘော် တဦးက “ တပ်သားတွေ ကိုယ်လွတ်ရုံး ထွက်ပြေးတယ်။ သူတို့ဘက်က ၂၀ လောက်သေတယ်။ လက်နက်ခဲယမ်း မရလိုက်ဘူး” လို့ ပြောပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ကညွတ်ကွင်းမြို့နယ်ထဲက ကျေးရွာ တချို့က ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်း ရှိပေမဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တောက်လျှောက်ပဲ ပစ်နေကြတယ်လို့ ဒေသခံတဦးက ဆိုပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုတွေမှာ လတ်တလော နှစ်ဖက်တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရ သေဆုံးသူတွေ ဘယ်လောက်ရှိတယ်ဆိုတာ မသိရသေးသလို စစ်ကောင်စီဘက်ကလည်း ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိပါဘူး။
ပဲခူးတိုင်း ဖြူးမြို့နယ်ရှိ ကညွတ်ကွင်းမြို့ဟာ ရန်ကုန်နဲ့ မိုင် ၁၀၀ ကျော်သာ ကွာဝေးပြီး အမြန်လမ်းနဲ့ လမ်းဟောင်းတွင် ဖြူးမြို့နယ်က အဓိကကျတဲ့ မြို့နယ်ဖြစ်ပါတယ်။