ချင်းပြည်နယ်၊ ပလက်ဝဒေသရှိ စစ်ကောင်စီရဲ့ ခမောင်းဝစခန်းကို ရက္ခိုင့်တပ်တော် (အေအေ) က ဇန်နဝါရီ ၂ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က ထုတ်ပြန်ပါတယ်။
လက်နက်မချသေးတဲ့ စစ်ကောင်စီရဲ့ စခန်းကြီး၊ စခန်းငယ်တွေကို အခုရက်သတ္တပတ်အတွင်း အပြီးသတ် ချေမှုန်းတိုက်ခိုက်သွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုရက်ပိုင်းအတွင်း ပလက်ဝမြို့အနီးအထိ တိုက်ပွဲတွေ ဖြစ်လာတာကြောင့် ဒေသခံ ၃ ပုံ ၁ ပုံလောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ပလက်ဝဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ပလက်ဝဒေသက စစ်ကောင်စီရဲ့ အခိုင်အမာစခန်းကြီးတွေဖြစ်တဲ့ နှုံးဘူးနဲ့ ထရွန်အိုင် စခန်းသိမ်းတိုက်ပွဲတွေ၊ ပွိုင့် ၃၇၇ စခန်းတွေကို ရက္ခိုင့်တပ်တော် (အေအေ) က သိမ်းပိုက်ပြီးတဲ့နောက် စစ်ကောင်စီတပ်သား အများအပြားဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးသွားခဲ့ပါတယ်။
ထွက်ပြေးသွားတဲ့ တပ်သားတွေကို စစ်ကောင်စီလေတပ်က ဇန်နဝါရီ ၂ ရက်မှာ သွားရောက်ခေါ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
ရှမ်းမြောက်ဒေသမှာ ၁၀၂၇ စစ်ဆင်ရေး အရှိန်မြင့်လာပြီးတဲ့နောက် ရခိုင်ပြည်နယ်မှာလည်း စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့အကြား တိုက်ပွဲတွေ နေ့တိုင်းနီးပါး ဖြစ်ပွားနေပါတယ်။
တိုက်ပွဲတွေအတွင်း အေအေက စစ်ကောင်စီရဲ့ နယ်ခြားစောင့်စခန်းနဲ့ ရဲစခန်း အပါအဝင် စစ်စခန်းပေါင်း ၁၄၀ ကျော်ကို သိမ်းပိုက်ထားပါတယ်။
သီဟ