ပျူစောထီးနဲ့ စစ်ကောင်စီဩဇာခံ အကြမ်းဖက်အဖွဲ့တွေက ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ် ဇွန်လအတွင်း အရပ်သား ၁၆၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ဉာဏ်လင်းသစ်ဟာ နိုင်ငံရေးနဲ့ လူမှုဖြစ်စဉ်တွေကို စောင့်ကြည့်လေ့လာနေတဲ့ အရပ်ဘက် သုတေသန အဖွဲ့အစည်းတခုဖြစ်ပြီး ပျူစောထီးနဲ့ တခြား အကြမ်းဖက် အဖွဲ့တွေအကြောင်းကို ‘အစွန်းရောက် အမျိုးသားရေးအတွေးအခေါ်အား လက်နက်တပ်ဆင်ခြင်း’ ဆိုတဲ့ သုတေသန စာတမ်းကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်မှာ ထုတ်ဝေလိုက်တာပါ။
စစ်တပ်အာဏာသိမ်းပြီးနောက်မှာ စစ်တပ်ထောက်ခံသူတွေနဲ့ အမျိုးသားရေး အစွန်းရောက်တွေက ပျူစောထီး ဆိုတဲ့အမည်ကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲပြီး တော်လှန်ရေးအင်အားစုတွေကို သတင်းထောက်လှမ်းတာ၊ ဖိနှိပ်ခြိမ်းခြောက်တာ၊ လုပ်ကြံ သတ်ဖြတ်တာတွေကို လုပ်ခဲ့ကြပါတယ်။
အဲဒီနောက် သွေးသောက်၊ စွန်ရဲ၊ သွေးသစ္စာ၊ မျိုးချစ်ညွန့်ပေါင်း စတဲ့အမည်တွေနဲ့လည်း သတ်ဖြတ် တိုက်ခိုက်တာတွေ လုပ်ကြပြီး သူတို့အားလုံးကို ယေဘုယျအားဖြင့် ပျူစောထီးလို့ ခြုံငုံသုံးစွဲတာ ဖြစ်ပါတယ်။
ဒီအဖွဲ့တွေဟာ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်သူတွေကိုသာမက သူတို့ရဲ့ မိသားစုဝင်တွေနဲ့ ကလေးသူငယ်တွေကိုပါ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြပါတယ်။
မှတ်တမ်းတွေအရ အရပ်သား ၁၆၂ ယောက် သတ်ဖြတ်ခံခဲ့ရပြီး လည်လှီး သတ်ဖြတ်တာတွေလည်း ရှိခဲ့ပါတယ်။
မြင်းခြံနဲ့ တမူးမြို့နယ်မှာ ပျူစောထီးတွေက သတ်ဖြတ်မှု အများဆုံး ကျူးလွန်ခဲ့ကြပြီး ဒီစာရင်းတွေမှာ ကျေးရွာတွေဆီကို စစ်တပ်နဲ့ ပျူစောထီးတွေ စစ်ကြောင်းထိုးနေတုန်း၊ တပ်စွဲတုန်းမှာ ဖမ်းဆီးသတ်ဖြတ်တာကို မထည့်သွင်းထားဘဲ သီးခြား လုပ်ကြံ သတ်ဖြတ်ခဲ့တာတွေကိုပဲ ရေတွက်ထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီကတော့ ပြည်သူ့စစ်ဖွဲ့စည်းတာတခုကိုပဲ ဝန်ခံထားပြီး တခြားအဖွဲ့တွေနဲ့ သံဃာတော်ကို လက်နက်ထောက်ပံ့ပေးတာမရှိဘူးလို့ ငြင်းဆိုပါတယ်။
ဒါပေမဲ့ ဘုန်းကြီးတွေကို စစ်ကိုင်းတိုင်းထဲမှာ စစ်အုပ်စုက စစ်သင်တန်းပေးနေတဲ့ ဓာတ်ပုံတွေ၊ သေနတ်ကိုင်ထားတဲ့ ဘုန်းကြီးတွေကို ရွာသားတွေက ကြိုဆိုနေကြတဲ့ ပုံတွေဟာ လူမှုကွန်ရက်မှာ ပျံ့နေသလို စစ်ကိုင်းတိုင်းထဲမှာ ဦးဝါသဝ၊ ဦးဝီရရာဇာနဲ့ ဦးပဏ္ဍိတ၊ မကွေးတိုင်းထဲက ဦးအရိယာဝံသ(ပေါက်ကိုယ်တော်)တို့ဟာ ပျူစောထီး ပြည်သူ့စစ်တွေကို ဦးဆောင်နေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
သတင်းမီဒီယာတွေကနေ ကောက်ယူရရှိထားတဲ့ အချက်အလက်တွေအရ စစ်ကိုင်းတိုင်းက ၁၆ မြို့နယ်၊ မကွေးတိုင်းက ၅ မြို့နယ်၊ ပဲခူးတိုင်းက ၁၁ မြို့နယ်၊ ဧရာဝတီတိုင်းက ၂၂ မြို့နယ်၊ ရန်ကုန်တိုင်းမှာ ၁ မြို့နယ်၊ မန္တလေးတိုင်းက ၆ မြို့နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်းက ၄ မြို့နယ်၊ မွန်ပြည်နယ်က ၁ မြို့နယ်နဲ့ တနင်္သာရီတိုင်းက ၁ မြို့နယ်တို့မှာ အင်အားစုဆောင်းခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်က ပြည်သူ့စစ် ၇၇ ဖွဲ့ကို လက်နက် ၂၀၀၀ ကျော် တပ်ဆင်ပေးခဲ့တယ်လို့ ၂၀၂၂ ခုနှစ်က အစည်းအဝေးတခုမှာ ပြောဆိုထားသလို သတင်းအချက်အလက်တွေအရလည်း ဆိုင်ကယ်တွေ၊ ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တာကို တွေ့ရပါတယ်။
ပြီးတော့ စစ်ကောင်စီဟာ ပျူစောထီးတွေကို လုပ်ပိုင်ခွင့်တွေလည်း ပေးထားတာကြောင့် အရပ်သားပြည်သူတွေအပေါ် အနိုင်ကျင့် ဗိုလ်ကျနှိပ်စက်တာတွေလည်း ကျူးလွန်ကြတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ပျူစောထီးတွေ အားကောင်းတဲ့ရွာတွေကို ပျူစောထီးရွာလို့ အကြမ်းဖျင်းခေါ်ဝေါ်ကြပေမဲ့ ဒီထဲမှာ ပျူစောထီးကို အားမပေးတဲ့ဒေသခံတွေလည်း ရှိနေပြီး ရွာကို ပိတ်ဆို့ထားတာ၊ ခြိမ်းခြောက်တာတွေကြောင့် ရွာထဲမှာ ဆက်လက်နေထိုင်ကြရပေမဲ့ ထွက်ပြေးလာသူတွေလည်း ရှိနေတာပါ။
ပျူစောထီးတွေရဲ့ မူလအစဟာ စစ်တပ်က ပံ့ပိုးထားတဲ့ ဘာသာရေးနဲ့ အမျိုးသားရေးကို အခြေခံတဲ့ အမျိုးသားရေး အစွန်းရောက်သူတွေဖြစ်ပြီး သူတို့ဟာ အရင်ကတည်းက အဓိကရုဏ်းတွေ ဖန်တီးတာ၊ အကြမ်းဖက်တာတွေကို လုပ်ဆောင်ခဲ့ကြတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
အခု စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ လက်နက်ကိုင်အကြမ်းဖက်တာ၊ အစွန်းရောက်အတွေးအခေါ်တွေကို ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီတွေ ထောင်တာအပြင် ဝါဒဖြန့်မီဒီယာတွေပါ လုပ်ဆောင်လာကြတယ်လို့လည်း ဆိုပါတယ်။
PHOTO-NLTA