စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ကို ဇန်နဝါရီ ၃ ရက် ဒီနေ့မနက်ပိုင်းက စစ်ကောင်စီ စစ်ကြောင်းထိုးလာလို့ ဒေသခံ ၈,၀၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ ဇန်နဝါရီ ၂ ရက် မနက်မှာ ရေဦးမြို့ကနေ ရေဦးတောင်ပိုင်းကို စတင်ထွက်ခွာလာပြီး ဒီကနေ့မနက်မှာ ခင်ဦးမြို့နယ်ထဲ ဝင်ရောက်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
ခင်ဦးဒေသ အလင်းသစ် စစ်ဘေးရှောင်ကူညီရေး ပရဟိတအသင်းခေါင်းဆောင်က “စထွက်တာက ရေဦးမြို့ကနေ စထွက်လာတယ်ဗျ။ ညပိုင်းကျတော့ ရေဦးမြို့နယ် မူးသားကုန်းရွာနဲ့ ကုက္ကိုစုရွာတို့မှာ တပ်စွဲ ညအိပ်တယ်ဗျ။ ဒီနေ့ကျတော့ ကျနော်တို့ ခင်ဦးမြို့နယ်ထဲ ဝင်ရောက်လာတယ်။ စစ်သားအင်အားက ၁၀၀ ကျော်လောက်တော့ ပါမယ်ထင်တယ်။ အခုလောလောဆယ်တော့ စစ်ကြောင်းက မြင်းဒေါင်းရွာထဲ ရောက်နေပြီ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေ ဝင်ရောက်လာလို့ ရေဦး-ခင်ဦး ကားလမ်းဘေးက အင်တိုင်းတောင်ရွာ၊ အင်တိုင်းမြောက်ရွာ၊ အင်းပတ်ရွာ၊ သရက်ပင်စုရွာ၊ ကားဆိပ်ရွာ၊ မကျီးအုပ်ရွာ၊ မြင်းဒေါင်းရွာ၊ ယာတော်ရွာ၊ မြင်းကျရွာ စတဲ့ကျေးရွာတွေက ဒေသခံ ၈,၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။
အခုလို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ရာသီချိန် ရိတ်သိမ်းရမယ့် စပါး၊ နှမ်း၊ ပဲသီးနှံတွေ ရိတ်သိမ်းမရဘဲ ပျက်စီးဆုံးရှုံးတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။