ပင်လယ်နီမှာ ဟူသီသင်္ဘော ၃ စင်း နစ်မြုပ်ခဲ့ပြီး စစ်သွေးကြွ ၁၀ ဦး သေဆုံးခဲ့ပြီးနောက်မှာ အမေရိကန်ကို လက်တုံ့ပြန်မယ်လို့ ယီမင်နိုင်ငံမှ ဟူသီအဖွဲ့ခေါင်းဆောင်ရဲ့ လက်ထောက် ဆာဖာ အလ်ဆူဖီက ဇန်နဝါရီ ၂ ရက် မြို့တော်ဆာနားမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီဇင်ဘာ ၃၁ ရက်က ပင်လယ်နီရှိ မဲ့စ်ခ် ကွန်တိန်နာသင်္ဘောပေါ်မှာ အီရန်ကျောထောက်နောက်ခံပြု ဟူသီစစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကို အမေရိကန် ရဟတ်ယာဉ်တွေက တုံ့ပြန်တိုက်ခိုက်ရာမှာ ဟူသီတွေရဲ့ လှေ ၄ စင်းထဲက ၃ စင်းနစ်မြုပ်ခဲ့ပြီး စစ်သွေးကြွ ၁၀ ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။
အစ္စရေးကိုယ်စား အမေရိကန်ရဲ့ မဆင်မခြင်လုပ်ရပ်တွေကြောင့် နိုင်ငံတကာ ရေကြောင်းပို့ဆောင်ရေးကို ထိခိုက်စေတယ်လို့ ဟူသီအဖွဲ့ခေါင်းဆောင် အဗ္ဗဒယ်လ် မာလက်ခ် အယ်လ်ဟူသီရဲ့ အတွင်းရေးမှူး ဆာဖာအလ်ဆူဖီက ပြောလိုက်တာဖြစ်ပြီး အမေရိကန်ဟာ ပြစ်ဒဏ်စီရင်ခံရတော့မယ်လို့ သတိပေးခဲ့တာပါ။
“အမေရိကန်တွေဟာ ပင်လယ်နီကို စစ်ရေးပြတဲ့ အနေအထား ရောက်လာနေပြီး ပင်လယ်နီမှာ ရေလမ်းကြောင်းလုံခြုံရေးအတွက် သူတို့ရဲ့ တရားဝင်နဲ့ လုပ်ရိုးလုပ်စဉ် တာဝန်တွေကို ထမ်းဆောင်နေတဲ့ ဟူသီရဲ့ လက်နက်ကိုင်ရေတပ်ဖွဲ့ကို ပစ်မှတ်ထား တိုက်ခိုက်လိုက်တာဟာ ရာဇဝတ်မှုကြီးကို ကျူးလွန်လိုက်တာပဲ” လို့လည်း ဆိုပါတယ်။
တိုက်ခိုက်သူတွေဟာ စင်ကာပူနိုင်ငံအလံတင် မဲ့စ်ခ် ဟန်ကျိုး သင်္ဘောပေါ်ကို တက်ဖို့ ကြိုးပမ်းချိန်မှာ ရေတပ်တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ မဲ့စ်ခ်နဲ့ အမေရိကန်အလယ်ပိုင်း စစ်ဌာနချုပ် (ဆန့်ကွန်းမ်) တို့က ပြောကြားခဲ့ပါတယ်။
ယီမင်ရှိ ဟူသီသူပုန်တွေဟာ ဟားမတ်စ်ကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ နိုဝင်ဘာလကတည်းက ပင်လယ်နီအတွင်း သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် သင်္ဘောကုမ္ပဏီကြီးတွေကလည်း စူးအက်တူးမြောင်းကို ဖြတ်သန်းမယ့်အစား အချိန်ရှည်ကြာပြီး ကုန်ကျစရိတ်ပိုများပြားတဲ့ အာဖရိက ဂွဒ်ဟုပ်အငူ အနီးတဝိုက် လမ်းကြောင်းကို ပြောင်းလဲမောင်းနှင်ခဲ့ကြပါတယ်။
Source/Photo-Reuters