Home
မြန်မာသတင်း
မလေးရှားတွင် တရားမဝင်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သည့် မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ
DVB
·
January 2, 2024
Myanmar Seamen Malaysia_02012024

မလေးရှားနိုင်ငံ၊ ဆီလန်ဂါပြည်နယ်မှာ တရားမဝင်ငါးဖမ်းတာ၊ အထောက်အထား စာရွက်စာတမ်း မပါရှိတာနဲ့ မူးယစ်စေတဲ့အရွက်တွေ တွေ့ရှိခဲ့တဲ့အတွက် မြန်မာနိုင်ငံသား ၄ ဦးကို ဖမ်းဆီးခဲ့တယ်လို့ မလေးရှားကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဆီလန်ဂါရေကြောင်းညွှန်ကြားရေးမှူး မိုဟာမတ်ဆာလက် ဦးဆောင်တဲ့အဖွဲ့ဟာ ဒီဇင်ဘာ ၃၁ ရက် ညနေ ၅ နာရီလောက်က ဆီလန်ဂါရေပြင်ထဲမှာ ငါဖမ်းနေတဲ့ မသင်္ကာဖွယ်ရာ ငါးဖမ်းလှေတစီး တွေ့ရှိတဲ့အတွက် စစ်ဆေးခဲ့ပါတယ်။

ငါးဖမ်းလှေပေါ်မှာ အသက် ၂၆ နှစ်မှ ၄၁ နှစ်ကြား အထောက်အထား စာရွက်စာတမ်းမပါရှိတဲ့ မြန်မာနိုင်ငံသား ၄ ဦး တွေ့ရှိခဲ့ပြီး ငါဖမ်းလှေနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို စစ်ဆေးရာ နိုင်ငံခြားသားလုပ်ပိုင်ခွင့်မရှိတဲ့အပြင် လှေပေါ်မှာ မူးယစ်စေတဲ့ ကီတမ်ရွက်နဲ့ အရည်တွေ တွေ့ရှိခဲ့တယ်လို့ ဆီလန်ဂါ ရေကြောင်းညွှန်ကြားရေးမှူး မိုဟာမတ်ဆာလက်က ပြောပါတယ်။

“ငါးဖမ်းလှေဟာ နိုင်ငံခြားသားလုပ်ပိုင်ခွင့် မတင်ထားသလို လှေပေါ်ပါလာတဲ့ မြန်မာနိုင်ငံသားတွေကလည်း အထောက်အထားမပါဘူး။ ငါးသိုလှောင်ခန်းထဲမှာ မူးယစ်စေတဲ့ ကီတမ်အရွက် ၁ ဒသမ ၆ ကီလိုဂရမ်နဲ့ ကီတမ်အရည် ၁၃ ဒသမ ၅ လီတာကို ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခဲ့တဲ့ မြန်မာနိုင်ငံသား ၄ ဦးနဲ့ သိမ်းဆည်းခဲ့တဲ့ ပစ္စည်းတွေကို မလေးရှား စုံစမ်းစစ်ဆေးရေးအရာရှိထံ အပ်နှံခဲ့ပါတယ်။”

ဖမ်း‌ဆီးရမိခဲ့တဲ့ မြန်မာနိုင်ငံသား ၄ ဦးကို ငါးလုပ်ငန်းဦးစီးဌာန ခွင့်ပြုချက်မရှိဘဲနဲ့ ငါးဖမ်းခြင်းနဲ့ အထောက်အ‌ထား စာရွက်စာတမ်း မရှိခြင်းတို့အတွက် လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ တရားစွဲခဲ့သလို စိတ်ကြွစေတဲ့ ကီတမ်အရွက်နဲ့ အရည်တွေ တွေ့ရှိမှုအတွက် ၁၉၅၂ မူးယစ်ဆေးဝါးဥပဒေနဲ့ပါ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ မလေးရှား ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်ကလည်း မလေးရှားနိုင်ငံ၊ ပီရက်ပြည်နယ်မှာ တရားမဝင် ငါးဖမ်းခဲ့တဲ့ မြန်မာနိုင်ငံသား ၄ ဦး အပါအဝင် ၅ ဦးကို မလေးရှား ကမ်းခြေစောင့်တပ်ဖွဲ့က  ဖမ်းဆီးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024