ဂျပန်နိုင်ငံ အနောက်ပိုင်းမှာ အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၆ ရှိတဲ့ ငလျင် မနေ့ညနေက လှုပ်ခတ်အပြီး နောက်ဆက်တွဲ ငလျင်ပြင်းတွေ ဆက်တိုက် လှုပ်ခဲ့လို့ ဇန်နဝါရီ ၂ ရက် ညနေ ၄ နာရီထိ ရထားတဲ့ အချက်အလက်တွေအရ လူ ၄၈ ဦးထက်မနည်း သေဆုံးကာ ၁၆ ယောက် အပြင်းအထန် ဒဏ်ရာရထားတယ်လို့ NBC သတင်းဌာနက ပြောပါတယ်။
လူအယောက် ၁၂၀ က ကယ်ဆယ်ရေးအတွက် အကူအညီ စောင့်နေတယ်လို့ ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ယိုရှိမာ့ဆဟာ့ယာ့ရှိက မနက် ၁၁ နာရီ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အီရှိကာဝါခရိုင်နဲ့ နိအိငတ်တာ့ ခရိုင်တွေမှာ ဘေးကင်းရေးဌာန ၉၅၅ ခုကို ဖွင့်ထားပြီး လူအယောက် ၅၇,၀၀၀ ကျော်ကို ဘေးကင်းရာ ရွှေ့ပေးထားပြီးပါပြီ။
နောက်ထပ် ငလျင်ပြင်းတွေ လှုပ်ခတ်နိုင်ခြေရှိလို့ တချို့ဧရိယာတွေမှာ လူတွေ အိမ်တွေကနေ ဝေးဝေးမှာနေကြဖို့ အရာရှိတွေက သတိပေးထားပါတယ်။ ထောင်ချီတဲ့ အဆောက်အဦတွေ၊ ကားတွေနဲ့ လှေတွေ ပျက်စီးခဲ့ပါတယ်။
အီရှိကာဝါခရိုင်နဲ့ အနီးဝန်းကျင် ဒေသတွေမှာ ငလျင်အပြီး မြေပြင်တုန်ခါမှုတွေ ဆက်ရှိနေပါတယ်။
ဂျပန်အနောက်ဘက်ကမ်းရိုးတန်းတလျှောက် ဆူနာမီရေလှိုင်းတခု ရိုက်ခတ်ခဲ့လို့ ကားတွေ အိမ်တွေ ပင်လယ်ထဲ မျောပါခဲ့ပြီး ကမ်းရိုးတန်းဒေသက ဒေသခံတွေ ပိုမြင့်တဲ့မြေဆီ ထွက်ပြေးခဲ့ရပါတယ်။
ငလျင်ဗဟိုချက်ရှိရာ အီရှိကာဝါခရိုင်၊ နိုတိုကျွန်းဆွယ်ဆီ နိုင်ငံတဝန်းက စစ်တပ် အဖွဲ့ဝင်တွေ၊ မီးသတ်သမားတွေနဲ့ ရဲအရာရှိတွေပါတဲ့ ကယ်ဆယ်ရေးအဖွဲ့ အင်အား ၃,၀၀၀ စေလွှတ်ထားပါတယ်။
Source/Photo-Reuters