စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ အရှေ့စျေးကြီးမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်ပြီး ပြည်သူ ၅ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကောလင်းမြို့ခံဆီက သိရပါတယ်။
ဇန်နဝါရီ ၂ ရက် မနက် ၉ နာရီကျော်မှာ ဝန်းသိုခမရ ၁၂၀ က ဟောင်ဝစ်ဇာ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ၂ လုံးက ကောလင်းမြို့ အရှေ့စျေးကြီးမှာ ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
လက်နက်ကြီးထိမှန်မှုကြောင့် စျေးမှာ စျေးရောင်းနေသူနဲ့ စျေးဝယ်သူ ၅ ဦး သေဆုံးခဲ့ပြီး သေဆုံးသူတွေထဲမှာ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၁ ဦး ပါဝင်တယ်လို့ သိရပါတယ်။
တခြားအမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးလည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး အသေးစားဒဏ်ရာရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
ကောလင်း ပြည်သူမှပြည်သူသို့အဖွဲ့ ပြန်ကြားရေးတာဝန်ခံက “ကျနော်က ပစ်ခေတ်မှု ၄ ကြိမ်အပြီး လက်နက်ကြီးကျတဲ့နား မှတ်တမ်းယူနေချိန် နောက်တလုံး ထပ်ထုထားတယ်လို့ စက်ထဲမှာကြားလို့ အနီးနားမှာရှိတဲ့ မြောင်းထဲ ဝပ်နေလိုက်တာဗျ။ အဲ့အချိန် နှစ်လုံးဆက်တိုက်ထုပြီး ကျနော်တို့ထကြည့်တော့ စျေးအလယ်ထဲမှာ ပြေးလွှားအော်ဟစ်ငိုကြွေး အကူအညီ တောင်းနေကြပြီဗျ။ သွားလိုက်တော့ နေရာမှာတင် ၃ ဦးက ပွဲချင်းပြီးသေဆုံးနေပြီဗျ။ ၂ ဦးကတော့ ကယ်ဖို့ ကားနဲ့တင်သွားပေမဲ့ အသက်မမီလိုက်တော့တာဗျ” လို့ ပြောပါတယ်။
သေဆုံးသူတွေရဲ့ အလောင်းကို ဒီနေ့ နေ့လယ်ပိုင်းမှာပဲ လူမှုကူညီရေးအဖွဲ့ဝင်တွေက သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဝန်းသို ခမရ ၁၂၀ ကနေ ကောလင်းမြို့ထဲကို လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်နေပြီး လက်နက်ကြီးထိမှန်လို့ ဒီဇင်ဘာ ၂၈ ရက်က အရပ်သား ၃ ဦးနဲ့ ဒီဇင်ဘာ ၃၀ ရက်က အရပ်သား ၁ ဦး သေဆုံးခဲ့ပါတယ်။