ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ ဇန်နဝါရီ ၁ ရက် မနက်ပိုင်းက ဒုရဲအုပ်တယောက် ရက္ခိုင့်တပ်တော် (အေအေ) ထံ အလင်းဝင်ရောက်ခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီးက တောင်ကုန်းမှာ တာဝန်ကျနေတဲ့ ဒုရဲအုပ်တယောက်ဟာ စစ်အာဏာရှင်လက်အောက်မှာ ဆက်လက် တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့တာကြောင့် ဇန်နဝါရီ ၁ ရက် မနက် ၈ နာရီလောက်မှာ ရက္ခိုင့်တပ်တော် (အေအေ) ထံကို အလင်းဝင်ရောက်ခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီဒုရဲအုပ်ဟာ မင်းပြား ရာမောင်တံတားနားက သင်္ချိုင်းကုန်းနားက ထွက်ပြေးလာတာပါ။ သူထွက်ပြေးလာတဲ့အချိန်မှာ စစ်ကောင်စီတပ်သားတွေက သေနတ်တွေနဲ့ လိုက်လံပစ်ခတ်ခဲ့ပေမဲ့ ကံကောင်းလို့ ကျည်မထိမှန်ခဲ့တာ။ သူ့ဆီမှာ လက်နက်ခဲယမ်းတွေ ပါမပါကိုတော့ မသိရသေးပါဘူး။ အဲဒီဒုရဲအုပ်ကို ရက္ခိုင့်တပ်တော် (အေအေ) က စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ပြီး လုံခြုံစိတ်ချရတဲ့နေရာကို ပို့ဆောင်ပေးထားပြီး မိသားစုဝင်တွေနဲ့ အဆက်သွယ်ရရှိအောင် စီစဥ်ပေးထားတယ်။”
မြောက်ဦးအခြေစိုက် ရဲတပ်ရင်း ၃၁ က ရဲတပ်သား ၂ ယောက်လည်း ဒီဇင်ဘာ ၃၀ ရက် ညနေပိုင်းမှာ လက်နက်ခဲယမ်း အပြည့်အစုံနဲ့ ရက္ခိုင့်တပ်တော် (အေအေ) ထံ အလင်းဝင်ရောက်ခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ရခိုင်ဒေသအတွင်းရှိ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အသက်မသေဘဲ မိသားစု၊ ဆွေမျိုး၊ မောင်နှမတွေနဲ့ ကောင်းမွန်စွာ တွေ့ခွင့်ရလိုရင် မိမိတို့ရဲ့ နီးစပ်ရာ အေအေ စခန်းတွေကို အမြန်ဆုံးဆက်သွယ်ပြီး လက်နက်ချ အညံ့ခံဖို့ ရက္ခိုင့်တပ်တော် (အေအေ) က ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ထပ်မံသတိပေးထားပါတယ်။