မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်းပဲတန်းရပ်ကွက်ရှိ အထက ၉ ကျောင်း မီးလောင်မှုမှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသူရဲ့ ဝန်ခံချက်ကို ဒေသခံတွေက လက်မခံ မယုံကြည်တဲ့ အကြောင်း ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၅ ရက်က အ.ထ.က ၉ မော်လမြိုင် ကျောင်းဝင်းအတွင်းက နှစ်ထပ်ဆောင်တဆောင်နဲ့ ဓမ္မာရုံဆောင်တဆောင် မီးလောင်ကျွမ်းခဲ့တာပါ။
အဆိုပါမီးလောင်မှုနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ အသက် ၁၇ နှစ်အရွယ် Grade-12 ကျောင်းသူ မိအိမ်သည်ခင်ကို စစ်ကောင်စီရဲတပ်ဖွဲ့က စာမေးပွဲမဖြေနိုင်လို့ ၂ ကြိမ်တိုင် မီးရှို့ခဲ့တယ်လို့ ဝန်ခံခိုင်းခဲ့တာလို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။
“ကျောင်းကို ကျောင်းသားက မီးပြန်ရှို့တာ ဖြစ်နိုင်ခြေက ကမ္ဘာစစ်ဖြစ်နေတာတောင် မရှိခဲ့ဘူး။ ဒီလောက် ကျောင်းတွေပေါတဲ့ခေတ်ထဲမှာ မိဘကလည်း ဒီကျောင်းမကောင်း နောက်ကျောင်း ပြောင်းထားမှာပဲ။ ပထမအကြိမ် မီးရှို့တယ်ဆိုတဲ့ကိစ္စ ရှိတယ်ဆိုထားကတည်းက နောက်တကြိမ် ထပ်ဖြစ်တယ်ဆိုတာ ပိုပြီး ယုတ္တိမတန်ဆုံးပဲ။ နောက်ကွယ်က ကြိုးကိုင်သူတော့ ရှိရမယ်။”
ကျောင်းသူ မိအိမ်သည်ခင်ဟာ ၂၀၂၃ ခုနှစ် ဩဂုတ် ၃ ရက် ည ၁၁ နာရီမှာ နေအိမ်ကနေ အသင့်ဝယ်ယူထားတဲ့ ဓာတ်ဆီဘူးနဲ့ အ.ထ.က ၉ ကျောင်းကို စက်ဘီးနဲ့ လာရောက်ခဲ့ကာ စာသင်ဆောင် တံခါးတွေကို ဓာတ်ဆီပက်ဖျန်းကာ ပထမအကြိမ် မီးရှို့ခဲ့ကြောင်းနဲ့ အောက်တိုဘာ ၂၅ ရက်မှာ နောက်တကြိမ် ထပ်မံမီးရှို့ခဲ့ကြောင်း စစ်ကဲကုန်းနယ်မြေရဲစခန်းမှာ ဝန်ခံထွက်ဆို ခဲ့တယ်လို့ သိရပါတယ်။
မော်လမြိုင်မြို့နေသူတဦးက “အဲဒီကောင်မလေးကို ခိုင်းတဲ့သူရှိလို့ ပြောတာထင်တယ်။ ပထမ ထွက်ချက်မှာ ဂျပန်ပို့ပေးမယ်ဆိုပြီး မီးရှို့ခိုင်းတာလို့ ဝန်ခံထားတာ။ ခုတော့ တရားခံဖမ်းမမိတော့ ဇာတ်လမ်းက တမျိုးဖြစ်သွားပြီပေါ့။ နောက်ပြီး ညဘက်ကြီး ဒီကလေးမတယောက်တည်း လာရဲလား။ သတင်းတင်တဲ့ Yarmanya Time ကလည်း အရင်နယ်လုံရဲ့ မီဒီညာဆိုတော့ သဘောပေါက်လို့ရတာပေါ့” လို့ ပြောပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ကျောင်းသူ မိအိမ်သည်ခင်ကို အိမ် အစရှိသည်တို့ကို ဖျက်ဆီးရန် ကြံရွယ်ပြီး မီး(သို့မဟုတ်) ပေါက်ကွဲတတ်တဲ့အရာနဲ့ အကျိုးဖျက်ဆီးမှု ရာဇသတ်ကြီးပုဒ်မ - ၄၃၆ နဲ့ စစ်ကဲကုန်းနယ်မြေရဲစခန်းက အမှုဖွင့် အရေးယူထားပါတယ်။