Home
မြန်မာသတင်း
ကော့ကရိတ်မြို့တွင်း ပိတ်မိနေသူများနှင့် စစ်ရှောင်များ နေရေး စားရေး အခက်ကြုံ 
DVB
·
January 2, 2024
Kawt Ka Yait IDPs_01022024

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းမှာ ပိတ်မိနေသူတွေနဲ့ စစ်ဘေးရှောင် ပြည်သူတွေဟာ တလကျော် ကြာမြင့်လာပြီဖြစ်လို့ နေထိုင်စားသောက်ရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁ ရက်ကစတင်ပြီး ကော့ကရိတ်မြို့တွင်းနဲ့ မြို့ပြင် အနီးတဝိုက်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့ထားတာပါ။

ကော့ကရိတ်မြို့တွင်းနဲ့ မြို့ပြင် ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ လက်ရှိအချိန်အထိ တိုက်ပွဲတွေ ပြင်းထန်နေပြီး နှစ်ဖက်တိုက်ပွဲတွေဟာ တလကျော် ကြာမြင့်နေပြီ ဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် ဒေသခံ ၁ သိန်းနီးပါးဟာ စစ်ရှောင်စခန်း ၁၀၀ လောက်မှာ စစ်ရှောင်နေရပါတယ်။

ကော့ကရိတ်မြို့တွင်းမှာ နေထိုင်မကောင်းသူတွေနဲ့ သက်ကြီးရွယ်အိုတွေ ပိတ်မိနေပြီး သူတို့အတွက် နေထိုင်စားသောက်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသလို ကူညီထောက်ပံ့ဖို့ လုပ်ဆောင်ရာမှာ စစ်ကောင်စီတပ်တွေက မြို့တွင်းကို ဝင်ရောက်ခွင့်မပြုဘူးလို့ ပိတ်မိနေသူတွေနဲ့ ဆွေမျိုးတော်စပ်သူတွေက ပြောပါတယ်။

ဒီဇင်ဘာ ၂၇ ရက်နဲ့ ၂၈ ရက်နေ့က စစ်ကောင်စီရဲ့ ခလရ ၉၇ တပ်ရင်းနဲ့ တပ်စခန်းတွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အရှင်ဖမ်းဆီးရမိသူတွေနဲ့ သေဆုံးသူတွေ ရှိခဲ့ပေမဲ့ အရေအတွက် အတိအကျကို မသိရပါဘူး။

ဒါ့အပြင် တောင်ကြာအင်းကျေးရွာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇ ယောက် သေဆုံးပြီး ကျန်တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ကျားဖြူစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အရှင်ဖမ်းဆီးရမိသူနဲ့ ထိခိုက်သေဆုံးတဲ့ အရေအတွက်ကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

အောင်ခန့်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024