ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေက မြေပြင်ထိုးစစ် မဆောင်ရွက်နိုင်တော့တာကြောင့် စစ်ရေးအရ ရခိုင်ပြည်နယ် တပြည်နယ်လုံးကို ရက္ခိုင့်တပ်တော် (အေအေ) က ထိန်းချုပ်နိုင်တဲ့ အခြေအနေထိ ရောက်လာနိုင်တယ်လို့ ရခိုင်နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။
စစ်ကောင်စီနဲ့ အေအေတို့ အကြားမှာ ခိုင်မာတဲ့ သဘောတူညီချက်တွေမရှိဘဲ နားလည်မှုအရ ရခိုင်တပြည်နယ်လုံးမှာ စစ်ပွဲတွေ ရပ်ထားခဲ့ပေမဲ့ နှစ်ဖက် စစ်ရေးတင်းမာတဲ့ အနေအထားကနေ တိုက်ပွဲတွေ ပြန်လည်ဖြစ်လာခဲ့တာ ၂ လကျော်လာခဲ့ပါပြီ။
အဲဒီတိုက်ပွဲတွေအတွင်းမှာ အေအေဘက်က ရခိုင်ပြည်နယ်တခုလုံးမှာ ရှိနေတဲ့ စစ်ကောင်စီရဲ့ စစ်တပ်အခြေစိုက်စခန်းတွေ၊ ရဲတပ်ဖွဲ့နဲ့ စစ်တပ်ပေါင်းပြီး အခြေချထားတဲ့ နယ်ခြားစောင့် စခန်းတွေနဲ့ ရဲစခန်းပေါင်း ၁၄၀ ကျော်အထိ သိမ်းပိုက်ခဲ့ပြီး အဲဒီအထဲမှာ စစ်ကောင်စီတပ်ရဲ့ အခိုင်အမာ တပ်စွဲထားတဲ့ ဗျူဟာကုန်းတွေလည်း ပါဝင်ပါတယ်။
ဒီတိုက်ပွဲတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖော်ဆောင်နေတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ နောက်ဆက်တွဲ တိုက်ပွဲတွေဖြစ်ပြီး ရခိုင်ပြည်နယ်မှာ တိုက်ပွဲအရှိန် မြင့်ခြင်း မမြင့်ခြင်းက အေအေအဖွဲ့အပေါ်မှာသာ မူတည်နေတဲ့အပြင် ရခိုင်တပြည်နယ်လုံးကို စစ်ရေးအရ အေအေအဖွဲ့က ထိန်းချုပ်နိုင်တဲ့အဆင့်ထိ ရောက်လာနိုင်တယ်လို့ ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ပြောပါတယ်။
အေအေဟာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၃ နိုင်ငံ ထိစပ်နေတဲ့ နယ်စပ်တလျှောက်မှာ အခြေချ အထိုင်တပ်စခန်း တည်ဆောက်နိုင်ရေးအတွက် ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်းနဲ့ ပလက်ဝဒေသတွေဘက်မှာ နယ်မြေစိုးမိုးထိန်းချုပ်နိုင်ရေးကို ဦးတည်ဆောင်ရွက်နေတာလို့လည်း စစ်ရေးလေ့လာသူတချို့နဲ့ ရခိုင်နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ် ပြောဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ အေအေအဖွဲ့ရဲ့ စစ်ရေးဖော်ဆောင်မှုက ရခိုင်ပြည်နယ်တပြည်နယ်လုံးကို ထိန်းချုပ်နိုင်ရေး ဖော်ဆောင်နေတယ်လို့ သုံးသပ်လို့ရပေမဲ့ စစ်ကောင်စီဘက်ကလည်း သူတို့ထိန်းချုပ်နိုင်တဲ့ ဒေသတွေမှာဆိုရင် ဒေသခံပြည်သူတွေကို သံသယနဲ့ ဖမ်းဆီးထောင်ချတာ၊ ခြိမ်းခြောက်တာတွေ လုပ်ဆောင်နေတယ်လို့ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောပါတယ်။
အဲဒီအပြင် စစ်ကောင်စီက ရခိုင်ပြည်နယ်ထဲက စစ်ပွဲတွေကို အကြောင်းပြုပြီး စားနပ်ရိက္ခာ ဖြတ်တောက်လိုက်လို့ တပြည်နယ်လုံးက ပြည်သူတွေ စားဝတ်နေရေး အခက်အခဲ ကျရောက်နေပြီလို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ ရခိုင်ပြည်နယ်ထဲက တိုက်ပွဲတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ဖြတ်လေးဖြတ် စစ်ဆင်ရေးကို ကျင့်သုံးနေတဲ့အပြင် ရခိုင်ပြည်နယ်ထဲမှာ စားနပ်ရိက္ခာအခက်အခဲတွေ ကြုံတွေ့နေရသလို လောင်စာဆီ လိုအပ်ချက်လည်း ကြီးကြီးမားမား ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ ဒေသခံတချို့ရဲ့ ပြောဆိုမှုတွေအရ စစ်တွေမြို့ပေါ်မှာသာ အာဏာသိမ်းစစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားက အပြည့်အဝ လည်ပတ်နိုင်ပြီး ကျန်မြို့နယ်တွေမှာတော့ အေအေအဖွဲ့ရဲ့ အုပ်ချုပ်ရေးယန္တရားက အသက်ဝင်နေပြီလို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့ပေါ်တွေကို အေအေတပ်တွေက သိမ်းပိုက်ထားခြင်းမရှိပေမဲ့ မြို့ပေါ်တွေကလွဲပြီး ကျေးလက်ဒေသတွေ အားလုံးကို အေအေအဖွဲ့က ထိန်းချုပ်ထားတယ်လို့ ဦးဖေသန်းက ပြောပါတယ်။
အေအေအဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကတော့ ရခိုင်ပြည်နယ်မှာ လွတ်မြောက်နယ်မြေတွေ တိုးချဲ့ပြီး ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့နဲ့ အစားထိုးဖော်ဆောင်ဖို့ ၂၀၂၀ ပြည့်နှစ်ကတည်းက ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ရက္ခိုင့်တပ်တော် (အေအေ) အဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်းမှာ နယ်မြေစိုးမိုးထိန်းချုပ်နိုင်မှု အတော်များများ လုပ်ဆောင်ထားနိုင်သလို အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့လည်း ရခိုင်ပြည်နယ်အနှံ့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
အောင်သူ