ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် လားရှိုးနဲ့ နမ္မတူကြား ဆက်သွယ်ထားတဲ့ ကွန်ကရစ်တံတားတစင်း ဇန်နဝါရီ ၁ ရက် ဒီနေ့မနက်အစောပိုင်းက မိုင်းခွဲခံရပြီး ပျက်စီးသွားတာကြောင့် ဒေသခံတွေ သွားလာရေး အခက်အခဲ ကြုံနေရပါတယ်။
အဆိုပါတံတားဟာ လားရှိုးအနောက်မြောက်ဘက် ၇ မိုင်ခန့်အကွာ အီနိုင်းကျေးရွာအထွက် နမ့်မျှော်ချောင်းပေါ်မှာ တည်ရှိပြီး ထက်ပိုင်းကျိုးကျသွားတဲ့အပြင် နမ့်မျှော်ချောင်းမှာလည်း အတော်နက်တဲ့အတွက် လုံးဝသွားမရတော့ဘူးလို့ ရှမ်းမြောက်ဒေသ လူမှုကူညီရေးအဖွဲ့ဝင် တဦးက ဒီဗွီဘီကို ပြောပါတယ်။
“မနေ့ညက ပစ်ခတ်သံတွေကြားရပြီး ကနေ့မနက်တော့ တံတားက အဲဒီလို ကျိုးကျသွားတာကို တွေ့ရတာပါခင်ဗျ။ တံတားကျိုးတာ အခက်အခဲ အများကြီးရှိပါတယ်။ ကုန်ပစ္စည်းတွေ သယ်လို့မရတော့ဘူး။ နမ့်ပေါင်လမ်းဘက်ကနေ အဝေးကြီး ပတ်သွားလို့တော့ ရတယ်၊ လမ်းစရိတ် ၃ ဆလောက် ပိုကုန်တာပေါ့။ အဲဒီတော့ ကုန်ဈေးနှုန်းတက်လာမယ်။ အရေးပေါ် လူနာတွေကို လားရှိုးဆေးရုံကို အချိန်မီ မပို့နိုင်တော့ဘူး။ အလှူရှင်တွေရဲ့ အထောက်အပံ့နဲ့ နေနေရတဲ့ အီနိုင်းအုပ်စု ထမ်နမ့်လာဘုန်းကြီးကျောင်းက စစ်ဘေးရှောင်တွေဆီ စားနပ်ရိက္ခာ ပို့ပေးလို့ မရတော့ဘူး။ အဲဒါကြောင့် ဒီကနေ့ သူတို့ကို တောလမ်းကနေ သွားခေါ်လာပြီး လားရှိုးမှာ နေရာချပေးဖို့ တိုင်ပင်နေကြပါတယ်ခင်ဗျ။”
ကောင်းကျဲ၊ အီနိုင်းဘက်က တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင် ၃၀၀ ကျော် ထမ်နမ့်လာဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတာပါ။
အီနိုင်းတံတား ဖောက်ခွဲတဲ့အဖွဲ့ဟာ ဘယ်သူ့လက်ချက်ဆိုတာ မသိရပေမဲ့ ဒေသခံတချို့ကတော့ အဲဒီနားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသာရှိပြီး နောက်ဆုံးခံတပ်လို ဖြစ်နေတဲ့ လားရှိုးမှာ အင်အားလာဖြည့်ကြောင်း၊ စခန်းကထွက်ခွာစဉ် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက နောက်ကလိုက်တိုက်မှာစိုးလို့ အဲဒီတံတားကို ဖောက်ခွဲလိုက်တာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
မြောက်ပိုင်းမဟာမိတ်တပ်ဘက်ကလည်း စစ်ကောင်စီဘက်က စစ်ကူတွေ လာလို့မရအောင် လမ်းတံတားတွေ ဖျက်ဆီးခဲ့တာကြောင့် စစ်ကောင်စီတပ်စခန်း အတော်များများ လက်လွှတ်ဆုံးရှုံးခဲ့ရကြောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို မထိပါးရေးအတွက် မြို့ပြင်ဘက်မှာ တင့်ကားတွေချထားသလို တိုက်ပွဲမရှိပါဘဲနဲ့ မြို့ပြင်ဘက်ကို နေ့ရောညပါ လှမ်းပြီး ခြောက်လှန့် ပစ်ခတ်နေတာကြောင့် ရွာသားတွေ ထိခိုက်ဒဏ်ရာရတာရှိတယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်ကလည်း CDM လုပ်ထားတဲ့ ကျောင်းဆရာမ နန်းကြိမ်ခမ်းတို့ မိသားစုဟာ နမ္မတူကနေ ဆိုင်ကယ်နဲ့ လားရှိုးဘက်ကို ထွက်ခွာလာစဉ် အီနိုင်းရွာနားမှာ လက်နက်ကြီးစ ထိမှန်တဲ့အတွက် ဆရာမခြေထောက်တဖက် ဖြတ်ပစ်လိုက်ရတယ်လို့ ဆိုပါတယ်။
လားရှိုးခရိုင်ထဲမှာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က ၁၀၂၇ Operation စစ်ဆင်ရေး စတင်ပြီးတဲ့နောက် လားရှိုး-မူဆယ်သွား လမ်းမကြီးပေါ်က သိန္နီတံတား၊ ချင်းရွှေဟော်ဘက် သွားတဲ့ ပန်ဖတ်တံတား၊ လားရှိုးနဲ့ သိန္နီကြားရှိ မိုင်းလီတံတား၊ လားရှိုးနဲ့ နမ္မတူကြားက အီနိုင်းတံတား စတဲ့ တံတား ၄ စင်း ပျက်စီးခဲ့ပါတယ်။