Home
မြန်မာသတင်း
ကောလင်းတွင် စစ်တပ်လက်နက်ကြီးကြောင့် ဆရာမ ၁ ဦး နှလုံးရပ်သေဆုံး၊ ၂ ဦး ဒဏ်ရာရ
DVB
·
January 1, 2024
Kawlin fire_01012024

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ တောင်မော်ကျေးရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဆရာမ ၁ ဦး နှလုံးရပ်သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၃၀ ရက် ည ၉ နာရီလောက်မှာ ဝန်းသို ခလရ ၁၂၀ ကနေ ဟောင်ဝစ်ဇာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး လက်နက်ကြီး ၂ လုံးက တောင်မော်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

နေအိမ်ရှေ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲသံကြောင့် အသက် ၄၃ နှစ်အရွယ် ဆရာမ ဒေါ်မင်းမင်းစိန် နှလုံးဖောက်ကာ သေဆုံးခဲ့ပြီး အမျိုးသားဖြစ်သူ ဦးဇော်မင်းနိုင်နဲ့ မဂျူးဂျူးလိုင်တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ပြည်သူမှ ပြည်သူသို့အဖွဲ့ ပြန်ကြားရေးတာဝန်ခံက “ပထမပစ်လိုက်တဲ့အလုံးက မီးကျည်ဗျ၊ အိမ်ပေါ်ကျပြီး အိမ်တန်းလောင်သွားတာဗျ။ နောက်တလုံးက ဒီတိုင်းကွဲတာဗျ။  သေဆုံးတဲ့ ဒေါ်မင်းမင်းစိန်က ထိခိုက်ဒဏ်ရာရတာမျိုး မဟုတ်ဘဲ နှလုံးလေရိုက်ပြီး သတိလစ်တာကနေ ပြန်မနိုးလာတော့တာ။ သူ့အမျိုးသားဖြစ်သူနဲ့ ဒဏ်ရာရတဲ့သူတွေကိုတော့ လောလောဆယ် ဆေးကုသပေးနေပါတယ်” လို့ ပြောပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် တောင်မော်ကျေးရွာက နေအိမ်တလုံး မီးလောင်ပြာကျခဲ့ပြီး တခြားနေအိမ် ၁ လုံးလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒီဇင်ဘာ ၂၈ ရက်ကလည်း ကောလင်းမြို့မှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်တာကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ၃ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024