မကွေးတိုင်း ရေနံချောင်းမြို့နယ်မှာ ဒီဇင်ဘာ ၂၇ ရက်နေ့ မနက်က စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၁၇ ယောက်သေဆုံးကာ PDF ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ မကွေးခရိုင် တပ်ရင်း ၂ ကနေ သိရပါတယ်။
နှစ်ဖက်အပြန်အလှန် ထိတွေ့တိုက်ပွဲ ၂ နာရီလောက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၇ ယောက်သေဆုံးက အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ အတွင်းသတင်းရရှိပြီး ချောက်မြို့နယ်ပြောက်ကျားတပ်ဖွဲ့-CGF က ရဲဘော်တယောက် ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို မကွေးခရိုင် တပ်ရင်း ၂၊ ညောင်ဦးခရိုင်တပ်ရင်း ၄၊ CGF၊ သရက်ခရိုင်တပ်ရင်း (၁)၊ တပ်ရင်း (၃) နဲ့ CRA-ရေနံမြေအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ပြောပါတယ်။
မကွေးတိုင်း၊ ရေစကြိုမြို့မှာလည်း ဒီဇင်ဘာ ၂၇ ရက် ညက စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၁ ယောက်သေဆုံးကာ ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြင်းခြံကျားနက်တပ်ဖွဲ့ MBT ကနေ သိရပါတယ်။
ရေစကြိုမြို့မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီကားနှစ်စီး ရုံးပေါင်းစုံ(ထွေအုပ်ရုံး) ဝင်းအတွင်းကို ဝင်သွားတာ မြင်လိုက်တဲ့အတွက် ၄၀ မမနဲ့ တလုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ MBT တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတယောက် သေဆုံးခဲ့ကာ နှစ်ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး အရေးပေါ် ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားရဲ့ အလောင်းကိုတော့ ခလရ ၂၅၈ တပ်ရင်းထဲကို သယ်သွားကြပြီး ညနေ ၃ နာရီလောက်မှာ သင်္ဂြိုဟ်ခဲ့ကြတယ်လို့ အတွင်းသတင်းပေးတွေဆီကနေ သိရတယ်လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို MBT တပ်ဖွဲ့နဲ့အတူ TPG တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပူးပေါင်းတပ်ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်စဉ်တွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။