Home
နိုင်ငံတကာ
ဂိုင်ယာနာကမ်းလွန်ပင်လယ်ပြင်၌ ဗြိတိသျှစစ်သင်္ဘော ချထားမှုကို ဗင်နီဇွဲလား ဝေဖန်
DVB
·
December 29, 2023
Venezuela's President Nicolas Maduro addresses military staff during a meeting in Caracas

ဂိုင်ယာနာကမ်းလွန်ပင်လယ်ပြင်မှာ ဗြိတိသျှစစ်သင်္ဘောတစင်းကို နေရာချထားတာဟာ ဗင်နီဇွဲလားနဲ့ ဂိုင်ယာနာ အာဏာပိုင်တွေအကြားက သဘောတူညီချက်တခုရဲ့ ကျင့်ဝတ်ပိုင်းကို ချိုးဖောက်နေတာဖြစ်တယ်လို့ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုက ဒီဇင်ဘာ ၂၈ ရက်မှာ ပြောကြားလိုက်ပါတယ်။

ဗင်နီဇွဲလားနဲ့ ဂိုင်ယာနာတို့ဟာ စစ်အင်အားအသုံးပြုမှုကို ရှောင်ရှားဖို့နဲ့ ရေနံကြွယ်ဝတဲ့ အက်စ်ကွီဘိုနယ်မြေနဲ့ ပတ်သက်ပြီး ရှည်လျားတဲ့ နယ်စပ်အငြင်းပွားမှုမှာ တင်းမာမှုတွေ တိုးလာနိုင်မှာကို ရှောင်ရှားဖို့ အခုလအစောပိုင်းမှာ သဘောတူညီခဲ့ကြပါတယ်။

တော်ဝင်ရေတပ် ကင်းလှည့်ရေယာဉ် HMS ထရန့်ထ်သင်္ဘောကတော့ ဒေသတွင်း ထိတွေ့ဆက်ဆံမှုတွေရဲ့ တစိတ်တပိုင်းအဖြစ် ဗြိတိန်ရဲ့ မဟာမိတ်နဲ့ ကိုလိုနီဟောင်းဖြစ်တဲ့ ဂိုင်ယာနာကို လာရောက်တာဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက အခုလအစောပိုင်း ထုတ်ပြန်ချက်တခုမှာ ပြောကြားထားပြီး ဗင်နီဇွဲလား သို့မဟုတ် နယ်စပ်အငြင်းပွားမှုကို ရည်ညွှန်းခြင်း မရှိထားပါဘူး။

မာဒူရိုဟာ ဘိုလီဗားရီယား အမျိုးသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပူးတွဲကာကွယ်ရေး လုပ်ဆောင်ချက်ကို စတင် သက်ဝင်လှုပ်ရှား ဆောင်ရွက်ဖို့ အမိန့်ပေးထားကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားထုတ်လွှင့်ချက်မှာ ထည့်ပြောထားခဲ့ပြီး နောက်ထပ် အချက်အလက်တွေကိုတော့ ထပ်မပြောခဲ့ပါဘူး။

စစ်ဆင်ရေးအတွက် ယူနီဖောင်းဝတ် ဝန်ထမ်း ၅,၆၀၀ အဆင်သင့်ဖြစ်နေပြီလို့ ဗင်နီဇွဲလားနိုင်ငံ အရှေ့ပိုင်းရှိ စစ်ဘက်ခေါင်းဆောင်တွေက ရုပ်သံလွှင့်နေချိန်အတွင်းမှာပဲ ပြောကြားခဲ့ပါတယ်။

ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ထဲမှာတော့ ဗင်နီဇွဲလားနိုင်ငံဟာ သူ့ရဲ့ ရေကြောင်းနဲ့ နယ်မြေစိုးမိုးရေးကို ကာကွယ်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ နိုင်ငံတကာ ဥပဒေဘောင်အတွင်းကနေ လုပ်ဆောင်ချက်အားလုံးကို လုပ်ပိုင်ခွင့်ရှိကြောင်း ထုတ်ပြန် ဖော်ပြထားပါတယ်။

စတုရန်းကီလိုမီတာ ၁၆၀၀၀၀ ကျယ်ဝန်းတဲ့ အက်စ်ကွီဘိုဒေသကို ဂိုင်ယာနာရဲ့ အစိတ်အပိုင်းအဖြစ် ယေဘုယျအားဖြင့် အသိအမှတ်ပြုထားပေမဲ့ သိပ်မကြာသေးမီ နှစ်တွေအတွင်း ဗင်နီဇွဲလားဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက်မှာ အဲဒီနယ်မြေနဲ့ ကမ်းလွန်ဒေသတွေကို ပိုင်ဆိုင်ကြောင်း တောင်းဆိုမှုကို ပြန်အသက်သွင်းခဲ့တာ ဖြစ်ပါတယ်။

Source/Photo-Reuters/Zurimar Campos/Miraflores Palace

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024