မလေးရှားနိုင်ငံ၊ ပါဟန်းပြည်နယ်မှာ ဒီဇင်ဘာ ၂၈ ရက် မနက်က အထောက်အထား စာရွက်စာတမ်း မပါရှိတဲ့ မြန်မာနိုင်ငံသား ၅ ဦးအပါအဝင် ၂၅ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ပါဟန်းလူဝင်ကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။
မလေးရှားလူဝင်ကြီးကြပ်ရေးဌာန (JIM) က သတင်းပေးချက်အရ တပ်ဖွဲ့ဝင် ၁၄ ဦးနဲ့ ပါဟန်းပြည်နယ်မှာရှိတဲ့ စားသောက်ဆိုင်ခန်း၊ ကားဆက်စပ်ပစ္စည်းဆိုင်၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်နဲ့ လူနေအိမ်တို့ ပါဝင်တဲ့ မတူညီတဲ့ နေရာ ၄ ခုကို ဒီဇင်ဘာ ၂၈ ရက် မနက်အစောပိုင်းက ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။
စစ်ဆေးအချက်အရ တရားမဝင်အထောက်အထား စာရွက်စာတမ်းမပါရှိတဲ့ မြန်မာနိုင်ငံသား ၅ ဦးအပါအဝင် ထိုင်းနိုင်ငံသား ၇ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၆ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။
မလေးရှားရောက် မြန်မာနိုင်ငံသားတဦးက “မလေးရှားနိုင်ငံမှာက တရားမဝင်နေထိုင်သူတွေ အရမ်းများတော့ အခုလိုစစ်ဆေးရေးတွေနဲ့ ခဏခဏ ဖမ်းဆီးတာတွေ လုပ်တယ်။ နှစ်ကုန်ခါနီးဆိုတော့ ပိုပြီးတော့ ဖမ်းတယ်။ အခုလို တရားမဝင် ဖမ်းခံရတဲ့သူတွေကို မလေးရှားမှာ လိုက်ကူညီပေးမယ့် မြန်မာအဖွဲ့အစည်းတွေလည်း မရှိသေးပါဘူး” လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၅ ဦးအပါအဝင် ၂၅ ဦးကို ၁၉၅၉/၆၃ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနဲ့ ၁၉၆၃ လူဝင်ကြီးကြပ်ရေး စည်းမျဉ်းတွေနဲ့ အရေးယူသွားဖို့အတွက် ကမယန်း လူဝင်ကြီးကြပ်ရေးဌာနကို ပို့ဆောင်ခဲ့ပါတယ်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ ကိုတာရာဈေးမှာလည်း ဒီဇင်ဘာ ၂၁ ရက်က တရားမဝင်မြန်မာနိုင်ငံသား ၅၀ ကျော်အပါအဝင် လူ ၅၀၀ ခန့်ကို မလေးရှားအထူးစစ်တပ်က ဖမ်းဆီးခဲ့ပါသေးတယ်။