ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ သီပေါ-နမ္မတူ လမ်းပေါ်ရှိ မိုးတေချောင်းတံတား ဒီဇင်ဘာ ၂၈ ရက် ညနေမှာ မိုင်းခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သီပေါကနေ နမ္မတူသွားတဲ့လမ်းရှိ မိုးတေတံတား မိုင်းခွဲခံရကြောင်း ကုန်တင်ယာဉ်မောင်း တဦးက ပြောပါတယ်။
“မနေ့က။ အဲဒါက သီပေါ မိုးတေတံတားလေ။ သီပေါကနေ နမ္မတူဘက်သွားတဲ့ တံတားလေ။”
မနေ့ နေ့ခင်းကတည်းက ညနေအထိ ပစ်ခတ်သံတွေ ကြားနေရပြီး တံတားကတော့ ညနေပိုင်းမှာ မိုင်းခွဲခံရတာဖြစ်ပြီး လေယာဉ်သံလည်း မပြတ်ကြားနေရတယ်လို့ သီပေါဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။
“ပေးမဖြတ်ဘူး။ ကားတွေတော့ မရလောက်ဘူး၊ ပြိုကျနိုင်တယ်။ အဖွဲ့စည်းတွေလို့ပြောတယ်၊ ပလောင်ကော အစိမ်းကော။”
လက်ရှိမှာတော့ သီပေါအနီးဝန်းကျင်မှာ စစ်ကောင်စီနဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းအဖွဲ့တို့အကြား စစ်ရေးတင်းမာနေတယ်လို့ ဆိုပါတယ်။
သီပေါ-နမ္မတူအကြား အဓိကဆက်သွယ်ထားတဲ့ မိုးတေချောင်းတံတားကို ဒီဇင်ဘာ ၂၈ ရက် ညနေ ၆ နာရီလောက်မှာ စစ်ကောင်စီရဲ့ ၅၀၃/၅၀၄ တပ်က လာရောက် မိုင်းခွဲဖျက်ဆီးပစ်ခဲ့ကြောင်း၊ မိုးတေချောင်းတံတားဟာ သီပေါ-နမ္မတူ-မန်တုံ-နမ့်ဆန်မြို့ကို အဓိကဆက်သွယ်ထားတဲ့ တံတားဖြစ်ကြောင်း PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက ဒီနေ့မနက်မှာ သတင်းထုတ်ထားပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာတော့ သီပေါ-နမ္မတူလမ်းကို ဆက်သွယ်ထားတဲ့ မိုးတေတံတားကို TNLA ပလောင်အဖွဲ့က မိုင်းခွဲဖျက်ဆီးသွားတယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နဲ့ အောက်တိုဘာ ၃၀ ရက်နေ့တွေမှာလည်း မူဆယ်-မန္တလေး ကုန်သွယ်ရာလမ်းမပေါ်ရှိ ကျင်သီတံတားနဲ့ သိန္နီတံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရပါတယ်။