ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ ခြေလျင်တပ်ရင်း ခမရ ၅၉၉ တပ်နဲ့ ခမရ ၅၉၀ တပ်ရင်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ချိန် အညံမခံဘဲ ပြန်လည်ခုခံခဲ့တဲ့ စစ်သည်တွေကို ဟင်းချက်အိုး(ဒယ်နီ) တလုံးစီ ဂုဏ်ပြုဆုပေးအပ်ခဲ့တယ်လို့ တပ်တွင်း သတင်းရင်းမြစ်ကနေ သိရပါတယ်။
ဒီဇင်ဘာ ၂ ရက် ညပိုင်းက စတင်ကာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား လက်နက်ချ အညံ့ခဲ့ပြီး စစ်သည် ၂ ဦးလည်း သေဆုံးခဲ့ကာ တိုက်ပွဲအတွင်း လွတ်မြောက်ခဲ့တဲ့ စစ်သည် ၇ ဦးကို ဂုဏ်ပြုဆု ပေးအပ်တာလို့ ဆိုပါတယ်။
တပ်တွင်းသတင်းရင်းမြစ်က “စခန်းသိမ်းခံရတော့ PDF တွေက အမျိုးသမီးတွေဆိုပြီး စစ်ဆေးပြီး ချန်ခဲ့တာ။ သူတို့ကလည်း တိုက်ပွဲဖြစ်တဲ့အချိန် အင်အားနည်းလို့ ဝင်တိုက်ကြတာ။ အဲ့ဒါကို တပ်ရင်းမှူးကသိပြီး ဆုပေးတာ။ အသက်မသေဘဲ ကျန်ခဲ့တဲ့သူတွေကို အဲ့လောက်လေးပေးပြီး အခုလိုလုပ်တာတော့ မကောင်းဘူး” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း အသက်မသေဘဲ ပြန်လည်ခုခံတိုက်ခိုက်သူတွေကို ဟင်းချက်အိုးတအိုးသာ ဆုချီးမြှင့်ခဲ့လို့ မကျေနပ်မှုတွေရှိနေပြီး တန်ဖိုးကြီးပစ္စည်းတွေ ပေးအပ်စေချင်တယ်လို့ သိရပါတယ်။
ဆုပေးအပ်ပွဲကို ခမရ ၅၉၉ တပ်ရင်းမှူးအသစ် အောင်မျိုးကျော်က အဲ့ဒီတပ်အတွင်းမှာပဲ ဒီဇင်ဘာ ၂၄ ရက် မနက် ၉ နာရီမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၂ ရက်ကစတင်ပြီး မုန်းမြို့အတွင်းရှိ စစ်ကောင်စီတပ် ခမရ ၅၉၉၊ ခမရ ၅၉၀ နဲ့ ရဲတပ်ရင်းတို့ကို KNLA တပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့ပြီး ၂ ရက်အကြာမှာ စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်နိုင်ခဲ့ပြီး စစ်ကောင်စီက တပ်ရင်းမှူး အပါအဝင် အများအပြား လက်နက်ချ အညံ့ခံခဲ့ကာ နှစ်ဖက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ပွဲအတွင်း သေဆုံးပါက သူရဘွဲ့ပေးအပ်တာနဲ့ ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးပါက ရဲဗလဂုဏ်ထူးဆောင်တံဆိပ်တွေ ပေးအပ်ကြောင်း စစ်ကောင်စီသတင်းဌာနက သတင်းထုတ်ပြန်ထားပါတယ်။