နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်မှာ လုံခြုံရေးတာဝန်ယူထားတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတွေက ဦးဆောင်ပြီး လောင်းကစားဝိုင်းတွေ ဖွင့်လှစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်တပ်နဲ့ရဲတပ်ဖွဲ့ ဦးဆောင်ကာ အစုရှယ်ယာထည့်ပြီး လောင်းကစားဝိုင်းတွေ ဖွင့်လှစ်ထားပြီး လာရောက်ဖမ်းဆီးလို့မရအောင် ရဲတပ်ဖွဲ့ဝင်တွေက ကင်းစောင့်ပေးတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"မြန်မာ့အသံရုံးနဲ့ သကြားစက်နားက လောင်းကစားဝိုင်းဆို နေ့စဥ်လုပ်နေတာ ရွာမှာလည်း အိမ်တွေ အဖောက်ခံရတာ ဆိုင်ကယ်တွေအလုခံရတာ ဖြစ်နေပြီ ကြာရင်လူသတ်မှုတွေပါ ဖြစ်တော့မယ်။”
လယ်ဝေးမြို့နယ် စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ရဲ့ လမ်းညွန်ချက်အရ နယ်ထိန်းနဲ့ စစ်တပ်က တခြားအဆင့်တွေက အစုရှယ်ယာနဲ့လိုင်း ကြေးကောက်ကာ ကာကွယ်ပေးထားတာလို့ ဌာနဆိုင်ရာဝန်ထမ်းတဦးက ဒီဗွီဘီ ကို ပြောပါတယ်။
“ရုံးတွေနဲ့နီးစပ်တဲ့နေရာမှာ အာဝါဒေးဝိုင်းတွေလုပ်တာ မကောင်းတာ တဝိုင်းတည်း တောင်မဟုတ်ဘူး နှစ်ဝိုင်းသုံးဝိုင်းလောက်ရှိတယ်။ အခုဆို လောင်းကစားသမားတွေက စစ်တပ်နဲ့ရဲ အားကိုးနဲ့ ဝန်ထမ်းတွေတောင် ဂရုမစိုက်တော့ဘူး အကုန်သိတယ် ပေါင်းစားနေတာ။”
တပ်ကုန်းမြို့နယ်က ဌာနဆိုင်ရာရုံးတွေနဲ့ နီးစပ်ရာ လမ်းတွေမှာ နေ့စဥ် လောင်းကစားဝိုင်းတွေ ရှိတာကြောင့် ဒေသခံတွေ လုယက်ခံမှာစိုးရိမ်လို့ အုပ်ချုပ်ရေးပိုင်းကို တိုင်ကြားပေမဲ့ အရေးယူ ဆောင်ရွက်ပေးတာမရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။