Home
မြန်မာသတင်း
ပြည်တွင်းစားသုံးဆီဈေး ထပ်မံမြင့်တက်
DVB
·
December 26, 2023
oil1_26122025
oil_26122023

စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဒီဇင်ဘာ ၂၆ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ စားသုံးဆီ လက္ကားရည်ညွှန်းဈေးကို တပိဿာ ၄,၉၅၅ ကျပ်အဖြစ် သတ်မှတ်လိုက်တယ်လို့ ထုတ်ပြန်ပါတယ်။

တပတ်တာအတွင်း ဆီဈေးနှုန်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်မှ ၂၅ ရက်အတွင်းက ဆီ‌ဈေးနှုန်း တပိဿာ ၄,၈၁၀ ကျပ်နဲ့ နှိုင်းယှဉ်ပါက ၁၄၅ ကျပ် မြင့်တက်လာတာ ဖြစ်ပါတယ်။

လက္ကားဈေး ၄,၉၅၅ ကျပ် ဖြစ်လာတာကြောင့် ဆိုင်တွေမှာ ခွဲတမ်းနဲ့ ရောင်းချနေတဲ့ လက်လီဈေးဟာ တပိဿာ ကျပ် ၅,၅၀၀ ကျော်တဲ့အထိ ဖြစ်လာခဲ့ပေမဲ့ ရပ်ကွက်ဈေးဆိုင်တွေမှာ လိုသလောက်ဝယ်ယူလို့ မရကြသေးဘဲ ဈေးတင်ရောင်းနေတဲ့ မှောင်ခိုစားသုံးဆီကို တပိဿာ ကျပ် ၇,၀၀၀ ကနေ ကျပ် ၉,၀၀၀ ကြား ပေးဝယ်နေကြရပါတယ်။

အိမ်ရှင်မတဦးက “ဆိုင်တွေမှာတော့ တုံကင်တစောင်ကို ၁ ပိဿာစီ ရကြပါတယ်။ ဈေးတော့ တက်သွားတယ်။ မနက်ဈေးထွက်တဲ့ဆိုင်တွေတော့ လိုရင် အပြင်မှာပဲ ဝယ်သုံးနေတာ ရှိတယ်။ ဈေးထဲမှာ ၁ ပိဿာ ၇,၃၀၀ လိုသလောက်ရတယ်။ အနည်းဆုံး ၅၀ သား ဝယ်ရတယ်” လို့ ပြောပါတယ်။

ပြည်ပကတင်သွင်းနေတဲ့ စားသုံးဆီကို ဆီဖြန့်ချိရေးကုမ္ပဏီတွေကတဆင့် ဆီလက္ကားဆိုင်တွေကို ပို့ပေးရပြီး လက္ကားဆိုင်တွေကနေ ရပ်ကွက်ဈေးဆိုင်တွေကို အဆင့်ဆင့် ပို့ဆောင်ပေးနေရကာ ပြည်တွင်းစားသုံးဆီ တပတ်စာ လက္ကားရည်ညွှန်းဈေးကိုတော့ နိုင်ငံခြားစားသုံးဆီဈေးနှုန်း ဖြစ်ပေါ်နေမှုတွေအပေါ် မူတည်ပြီး အခြေခံတွက်ချက်တာ ဖြစ်ပါတယ်။

ပြည်တွင်းကနေ ထုတ်လုပ်ရရှိတဲ့ မြေပဲဆီ၊ နှမ်းဆီ၊ ပဲပုပ်ဆီ၊ နေကြာဆီ စတဲ့ စားဆီတွေဟာ ပြည်ပကသွင်းတဲ့ စားအုန်းဆီ‌ဈေးထက် ၃ ဆနီးပါးလောက် ဈေးကြီးမားနေတယ်လို့ ဆီလုပ်ငန်းရှင်တဦးက ပြောပါတယ်။

ရန်ကုန်မြို့ ဆီလုပ်ငန်းရှင်တဦးက “စားဆီဆို အရင်ကတည်းက သုံးနေတဲ့ မြေပဲဆီ၊ နှမ်းဆီလည်း ရှိတာပေါ့။ ပြည်တွင်းထုတ် ဆီဈေးက စားအုန်းဆီထက် အများကြီး ဈေးကြီးနေတာ ရှိတယ်။ ဒါတောင် ဆီစက်ကဈေးနဲ့ ယှဉ်ကြည့်ပြီးပြောတာ။ လက်ရှိ နှမ်းဆီကိုမှ စက်ဆီဆို လက္ကား‌ဈေး တပိဿာ ၁၃,၅၀၀။ ပြင်ပမှာဆို ၁ သောင်းခွဲလောက် ဖြစ်နေပြီ။ ပဲဆီဆို ဆုံဆီက ၁၄,၀၀၀၊ စက်ဆီက ၁၂,၅၀၀။ နေကြာဆီက ၁၄,၅၀၀ အထိ ရှိတယ်။ ဒီတော့ ဈေးသက်သာတဲ့ စားအုန်းဆီကိုပဲ ပြန်အသုံးများလာကြတာ။ မှောင်ခို ဘာလို့ဖြစ်သလဲဆိုရင် ဈေးကွက်အလိုရ Demand နဲ့ Supply မညီမျှလို့ ဖြစ်နေတာ” လို့ ပြောပါတယ်။

လက်လီရောင်းချမှုကို စားသုံးဆီအရင်းဈေးနှုန်းရဲ့ အမြတ်‌ငွေ ၁၀ ရာခိုင်နှုန်းထက် မပိုတဲ့ဈေးနဲ့ ပြင်ပမှာ ဖြန့်ချိရောင်းဝယ်ဖို့၊ လက်ကားကုန်သည်အရောင်းဆိုင်ကြီးတွေက အသားတင်အမြတ် ၂ ရာခိုင်နှုန်း၊ အထွေထွေကုန်ကျစရိတ်ပေါင်းပြီးတဲ့ ဈေးနဲ့သာ ရောင်းချဖို့ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်က မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စာထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024