ရခိုင်ပြည်နယ်၊ ပေါက်တောမြို့မှာ ဒီဇင်ဘာ ၂၆ ရက် မနက်ပိုင်းက ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရေတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ နေအိမ်တွေ မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပေါက်တောမြို့မှာ ဒီမနက် ၁၀ နာရီကျော်လောက်က အေအေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ ပေါက်တောမြို့ ဒေသခံတယောက်က ပြောပါတယ်။
စစ်ကောင်စီဘက်က ပေါက်တောမြို့ကို ဇက်နေဗီတွေနဲ့ အင်အားဖြည့်ဖို့ ကြိုးစားတာကို အေအေဘက်က ကမ်းပေါ်ကို အတက်မခံဘဲ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ရေတပ်က ပုဏ္ဏားကျွန်းမြို့နယ် တန်းခိုးချောင်းဝက စစ်သင်္ဘာ ၂ စီး၊ ပေါက်တောမြို့နယ် နန်းတက်ကျွန်းက တစီး၊ တောင်းဖူးမြစ်ဝက တစီး စုစုပေါင်း စစ်သင်္ဘာ ၄ စီးနဲ့ အတွဲလိုက်ဒုံးတွေ၊ လက်နက်ကြီးတွေနဲ့ ပေါက်တောမြို့ဘက်ကို လှည့်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ပြောပါတယ်။
ရေတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ ပေါက်တောမြို့ပေါ်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး အမှတ် ၁ ရပ်ကွက်နဲ့ ဘဝမ်းရပ်ကွက်က ပြည်သူတွေရဲ့ နေအိမ်တွေ မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။
မနေ့ ည ၁၀ နာရီကျော်လောက်ကတည်းက ရေတပ်က လက်နက်ကြီးတွေ၊ အတွဲလိုက်ဒုံးတွေနဲ့ ညလုံးပေါက် အဆက်မပြတ် ပစ်ခတ်ခဲ့တာကို ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကပါ အသံကြားရတယ်လို့ ပုဏ္ဏားကျွန်းမြို့ ဒေသခံတယောက်က ပြောပါတယ်။
ပေါက်တောမြို့မှာ ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းကလည်း ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီရေတပ်က အတွဲလိုက်ဒုံးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့ပါတယ်။