ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်မှာ စက်သုံးဆီကို ခွဲတမ်းနဲ့ထုတ်ပေးဖို့ လိုင်စင် ဆိုင်ကယ်တွေ စာရင်းကို ရပ်ကွက်အလိုက် ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတွေက လိုက်ကောက်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၂၅ ရက်က စတင်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေက နေအိမ်တအိမ်ချင်းစီ လိုင်စင်ဆိုင်ကယ်စာရင်း ကောက်ခံနေတာလို့ ဆိုပါတယ်။
ပြည်မြို့ခံတဦးက “ဆိုင်ကယ်ရှိတဲ့အိမ်တိုင်းကို စာရင်းလိုက်ကောက်တယ်။ လိုင်စင်ရှိတဲ့ ဆိုင်ကယ်နဲ့ လိုင်စင်မရှိတဲ့ဆိုင်ကယ် အရေအတွက်ကို ကောက်တာ။ ဆီကို ခွဲတမ်းနဲ့ပေးဖို့လို့ ပြောတယ်။ ကညနရုံးမှာ စာရင်းရှိနေတာပဲ၊ လိုင်စင်မဲ့စာရင်းပါ သိချင်လို့ လိုက်ကောက်တာလည်း ဖြစ်နိုင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
စက်သုံးဆီရှားပါးမှုကြောင့် တန်းစီစနစ်နဲ့ ဝယ်ယူနေရအပြီးမှာ အခုလို လိုင်စင်ဆိုင်ကယ် အသုံးပြုသူတွေ စာရင်းကို လိုက်လံကောက်ခံနေတာဖြစ်ပြီး ဆီဝယ်ယူခွင့်စာအုပ် ထုတ်ပေးသွားမယ်လို့ သိရပါတယ်။
ရာအိမ်စုမှူးတဦးက “မြို့နယ်အုပ်ချုပ်ရေးမှူးက စာရင်းကောက်ခိုင်းတာ။ ဆိုင်ကယ်တွေက နယ်လိုင်စင်တွေလည်းရှိလို့ စာရင်းအတိအကျ လိုချင်တယ်လို့ ပြောတယ်။ ဆီစာအုပ်ထုတ်ပေးပြီး တပတ်ကို နှစ်ရက် ဆီပေးမယ်လို့ ပြောတယ်။ အခုထိတော့ စာရင်းကောက်လို့ မပြီးသေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
လိုင်စင်ဆိုင်ကယ်စာရင်း ကောက်ခံနေပေမဲ့ ဆီစာအုပ်ထုတ်ပေးမှု ကုန်ကျစရိတ်နဲ့ ဘယ်နေ့မှာ စတင်ထုတ်ပေးမယ်ဆိုတာ အတိအကျ ထုတ်ပြန်ထားတာ မရှိသေးဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကလည်း စာရင်းကောက်ချိန်မှာ ပြောဆိုတာ မရှိဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။
စစ်ကောင်စီ နိုင်ငံခြားငွေကြီးကြပ်မှုကော်မတီက ဒီဇင်ဘာ ၅ ရက်နေ့က စတင်ကာ လုပ်ငန်းရှင်တွေကို ဗဟိုဘဏ်သတ်မှတ်ဈေး ကျပ် ၂,၁၀၀ နဲ့ ဒေါ်လာလဲပေးတာ မရှိတော့ဘဲ ပြင်ပပေါက်ဈေးအတိုင်းသာ သတ်မှတ်ခဲ့တာကြောင့် စက်သုံးဆီဈေးနှုန်း မြင့်တက်ခဲ့ပြီး ပြည်တွင်းဝင်ရောက်မှု နည်းလာတဲ့အတွက် စက်သုံးဆီ အသုံးပြုသူတွေ တန်းစီစနစ်နဲ့ ဝယ်ယူနေရတာ ၁ လနီးပါးရှိပြီလို့ သိရပါတယ်။