ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ဒီဇင်ဘာ ၂၅ ရက် မနက်ပိုင်းက စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် မြောက်ဦးရှေးဟောင်းယဥ်ကျေးမှုပြတိုက် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒီဇင်ဘာ ၂၅ ရက် မနက် ၂ နာရီ ၁၀ မိနစ်လောက်က စတင်ပြီး မြောက်ဦးအခြေစိုက် ၅၄၀ တပ်ရင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် မြောက်ဦးမြို့ နန်းရာကုန်း၊ ပထမထပ်က ရှေးဟောင်းယဥ်ကျေးမှုပြတိုက် ပျက်စီးခဲ့တာလို့ မြောက်ဦးမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ယဥ်ကျေးမှုပြတိုက် အဆောက်အဦ ပေ ၂၀ ပတ်လည်လောက်ရှိ ရှေးဟောင်းအမွေအနှစ် ကျောက်စာတချို့နဲ့ သမိုင်းဝင်ပစ္စည်းတချို့ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီယဥ်ကျေးမှုပြတိုက်ထဲမှာ ကျောက်စာတွေအပြင် ရှေးဟောင်းဒင်္ဂါး၊ ရှေးဟောင်းလက်နက်၊ ကြေးအိုး၊ ကြေးပန်းကန်၊ ရှေးဟောင်းကျောက်ဆစ်လက်ရာတွေ အပါအဝင် နန်းတွင်းအသုံးအဆောင်ပစ္စည်းတွေ ထားရှိတာဖြစ်ပြီး စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။
မြောက်ဦးမြို့မှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး မြောက်ဦးအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေက ပြည်သူတွေနေထိုင်တဲ့ ရပ်ရွာတွေကို လက်နက်ကြီးတွေနဲ့ ၅ မိနစ်ကို တကြိမ်လောက် ပစ်ခတ်ကာ လက်နက်ငယ် ပစ်ခတ်သံတွေလည်း အဆက်မပြတ် ကြားနေရတယ်လို့ ဆိုပါတယ်။
မြောက်ဦးမြို့မှာ ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီကျော်လောက်ကလည်း စစ်ကောင်စီရဲ့ ခမရ ၃၇၇ နဲ့ ၅၄၀ တပ်ရင်းတွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဆိုင်ကယ်စီးလာတဲ့ လင်မယား ၂ ယောက် လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ကာ သမီးဖြစ်သူ ဒဏ်ရာရရှိခဲ့တယ်လို့ မြောက်ဦးမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
သေဆုံးခဲ့တဲ့ လင်မယား ၂ ယောက်ကတော့ ဆင်ချဆိပ်ရပ်ကွက်က အသက် ၃၅ နှစ်အရွယ် ဦးဦးစံမောင်၊ အသက် ၂၆ နှစ်အရွယ် ဒေါ်လှလှသန်းတို့ဖြစ်ပြီး သမီးဖြစ်သူ အသက် ၅ နှစ်အရွယ် မခိုင်စောဝေကတော့ ဘယ်ဘက်လက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မွန်းလွဲ ၂ နာရီနဲ့ ၂၀ မိနစ်လောက်မှာလည်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် လေးမျက်နှာပုထိုးနားမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကိုသန်းမြင့်ထူးနဲ့ ဦးမောင်အေးညွန့်တို့ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် မြောက်ဦးမြို့ မြတန်ဆောင်း စစ်ဘေးရှောင်စခန်းကိုလည်း စစ်ကောင်စီတပ်က မွန်းလွဲ ၂ နာရီခွဲလောက်က စတင်ပြီး လက်နက်ကြီးတွေနဲ့ ၅ မိနစ်ကိုတကြိမ်လောက် အဆက်မပြတ် ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
မြောက်ဦးမြို့ကို ဒီဇင်ဘာ ၁၃ ရက်နေ့ ညနေမှာလည်း စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ရှေးဟောင်း သမိုင်းဝင် ဘုရားတဆူနဲ့ သာသနိကအဆောက်အဦတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် မြောက်ဦးမြို့ပေါ်က ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပြီး မြို့ထဲမှာလည်း ပြည်သူရာနဲ့ချီ ပိတ်မိနေတယ်လို့ ပြောပါတယ်။