Home
မြန်မာသတင်း
ရွှေဘိုမြို့ ပျူရွာနှင့် ရေစကြို ထွေအုပ်ရုံးတို့ စီးနင်းတိုက်ခိုက်ခံရ၊ မြိုင်တွင် ရဲ ၂ ဦး စနိုက်ပါဖြင့် ပစ်ခတ်ခံရ
DVB
·
December 25, 2023
MBT PDF_25122023

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ အိမ်ခြေ ၁၆၀ လောက်ရှိတဲ့ မြင်းချင်းပျူစောထီးရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီဇင်ဘာ ၂၄ ရက် မနက် ၃ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တွေဆီက သိရပါတယ်။

“တိုက်ပွဲက မနက်ခင်းအစောပိုင်း ၃ နာရီက စခဲ့တာဗျ။ မနက်ခင်း မိုးလင်း ၆ နာရီကြတော့ ပျူရွာစခန်းကို ကျနော်တို့ အပြည့်အဝသိမ်းနိုင်ခဲ့တယ်။ တိုက်ပွဲစစချင်း သူတို့ဘက်က လက်နက်ကြီးနဲ့ ပြန်ခုခံတာတွေတော့ ရှိတယ်။ နှစ်ဖက်ပစ်ခတ်မှုမှာ စစ်ကောင်စီစစ်သားတဦးနဲ့ သူ့ရဲ့မိန်းမကတာ့ ကျည်ထိပြီး‌ သေဆုံးတယ်။ ကလေး၊ လူကြီး စုစုပေါင်း ပျူ ၆၃ ဦးကို ကျနော်တို့ အရှင်ထိန်းသိမ်းနိုင်ခဲ့တယ်ဗျ။ တိုက်ပွဲအတွင်း ထွက်ပြေးသူတွေလည်း ရှိနိုင်တယ်။ စခန်းသိမ်းပြီး ကျနော်တို့ ၉ မမ အတို ၁ လက်၊ ခါးချိုးသေနတ် ၃ လက် သိမ်းဆည်းနိုင်ခဲ့တယ်။ ကျနော်တို့ဘက်ကတော့ အကျအဆုံးမရှိခဲ့ဘူး” လို့ တိုက်ပွဲအတွင်း ပါဝင်တိုက်ခိုက်ခဲ့တဲ့ ဝက်လက် ဗိုလ်ကျားကြီးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အခု ပျူစခန်းသိမ်းတိုက်ပွဲကို ရွှေဘိုခရိုင်တပ်ရင်း ၁၈ ဗိုလ်စွန်ရဲတပ်ဖွဲ့က ဦးဆောင်ပြီး ရွှေဘိုခရိုင်တပ်ရင်း ၁၅၊ ၁၇၊ ၂၆ နဲ့ မဟာမိတ် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌LPDF တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

ပျူစခန်းသိမ်းပြီးပြန်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တွေကို ပြည်သူတွေက အောင်သပြေပန်းတွေနဲ့ လမ်းမပေါ်ထွက်ကာ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စစ်ကောင်စီလက်အောက်ခံ ကိုင်းတောမရဲစခန်း ဒီဇင်ဘာ ၂၄ ရက် မနက် ၈ နာရီခွဲလောက်မှာ စနိုက်ပါနဲ့ ပစ်ခတ်ခံရတာကြောင့် ရဲနှစ်ဦး နေရာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မြိုင်မြို့နယ်၊ သရက်ကန် ပျူရွာကနေ အင်အားဖြည့်တင်းလာမှာကို ​ကိုင်းတောမရဲစခန်းကနေ တန်းစီစောင့်နေတဲ့ ရဲတွေကို ကြိုတင်ပွိုင့်ယူ တိုက်ခိုက်ခဲ့တာလို့ Earthquake Peoples Defense Force  သတင်းနဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုပိန်က ပြောပါတယ်။

“မြိုင်နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးဖို့ ရိက္ခာနဲ့ လူအင်အားတွေ သရက်ကန်ပျူရွာကနေ လာတာကို သူတို့က ကြိုတာ။ သူတို့ကြိုတဲ့နေရာကို ကျနော်တို့ဘက်က အနီးကပ် ကင်းပုန်းဝပ်ပြီး ပစ်တာပေါ့။ စနိုက်ပါနဲ့ပစ်တာကို တယောက်သေတာမြင်ရတာ၊ စခန်းရဲ့ အနောက်တောင်ဘက် အနီးကပ် မီတာတရာကနေ ပစ်တာလည်း တကောင်သေတယ်၊ မျက်မြင်တွေ့ရတာ။”

ဒီတိုက်ခိုက်မှုကို Earthquake people's defence force (pakokku)၊ TYK ပြောက်ကျားတပ်ဖွဲ့​နဲ့ မြိုင် (ပကဖ) တပ်ရင်း ၁ ခွဲ ၄ စကြာတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့ ရုံးပေါင်းစုံ(ထွေအုပ်ရုံး) အတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာ ၂၃ ရက် ညက တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံကျားနက်တပ်ဖွဲ့ MBT က ပြောပါတယ်။

ရေစကြိုမြို့ ရုံးပေါင်းစုံဝင်းအတွင်းက ခန်းမဆောင်မှာ စစ်ကောင်စီတပ်သားတွေ စုဝေးနေတယ်လို့ အတွင်းသတင်း ရရှိတာကြောင့် ဒီဇင်ဘာ ၂၃ ရက် ည ၈ နာရီခွဲလောက်မှာ ပြောက်ကျားနည်းဗျူဟာသုံးပြီး ၄၀ မမ တလုံး၊ လက်ပစ်ဗုံးတလုံးနဲ့ ၂ နေရာခွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ MBT တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီရုံးပေါင်းစုံထဲမှာက စစ်(...) အင်အားက ပုံမှန်မရှိဘူးဗျ။ တခါတလေ ၂၅၀ လောက်၊ ၁၅၀ လောက်နဲ့ ၇၀ လောက်တော့ရှိတယ်။ ဒါပေမဲ့ ကျနော်တို့က ခန်းမထဲမှာ အင်အား ၇၀ ကျော်လောက် စုနေတယ်လို့ သတင်းရလို့ တိုက်ခိုက်ခဲ့ကြတာပါ။ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပြီးတော့ ခဏအကြာမှာတော့ စစ်ကောင်စီဘက်က လက်နက်ငယ်တွေနဲ့ ရမ်းကားပစ်ခတ်တာတွေ ရှိတယ်” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို MBT တပ်ဖွဲ့နဲ့ TPG တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024