ဂါဇာအလယ်ပိုင်းရှိ မက်ဂါဇီဒုက္ခသည်စခန်းမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အနည်းဆုံး သေဆုံးသူ အယောက် ၇၀ အထိ ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အရှရာ့ဖ်အယ်လ်ခီဒရာက အတည်ပြုပါတယ်။
ပါလက်စတိုင်း လခြမ်းနီအဖွဲ့က ဒဏ်ရာရသူတွေကို ဆေးရုံတွေဆီ ပို့ဆောင်ပေးနေတဲ့ ဗီဒီယိုမှတ်တမ်း ထုတ်ပြန်လာခဲ့ပြီး သေဆုံးဒဏ်ရာရသူ အများစုဟာ အမျိုးသမီးနဲ့ ကလေးတွေဖြစ်ကြောင်း ဖြည့်စွက်ပြောပါတယ်။
ဂါဇာကမ်းမြောင် အလယ်ပိုင်းရဲ့ အဓိကလမ်းမကြီးတွေကို အစ္စရေးတိုက်လေယာဉ်တွေက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနာတင်ယာဉ်တွေနဲ့ အရေးပေါ်ယာဉ်တွေ ဖြတ်သန်းသွားလာဖို့ရာ အနှောင့်အယှက် ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ရိုက်တာသတင်းဌာနကတော့ သီးခြား အတည်မပြုနိုင်သေးကြောင်း ဖော်ပြထားပါတယ်။
ဒီလအစပိုင်းမှာ တပတ်တာ အပစ်အခတ်ရပ်စဲမှု ပျက်ပြားသွားခဲ့ပြီးနောက် မြေပြင်တိုက်ပွဲတွေပါ အရှိန်ပြင်းထန်လာခဲ့ပါတယ်။
ဒါကြောင့် လူဦးရေထူထပ်လှတဲ့ ဂါဇာဒေသတွင်းစစ်ပွဲဟာ မြောက်ပိုင်းကနေ ဧရိယာတခုလုံးကို ပျံ့နှံ့နေပြီဖြစ်ကြောင်း သိရပါတယ်။
Source/Photo-Reuters