အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ မာမစ်ခရိုင်မှာရှိတဲ့ ပြည်နယ်အခွန်ရုံးကို ဖောက်ထွင်းပြီး ရူပီးငွေ ၁၁ သိန်းကျော် ခိုးယူခဲ့တဲ့ မြန်မာနိုင်ငံသား ၁ ဦးနဲ့ အိန္ဒိယနိုင်ငံသား ၂ ဦးတို့ကို အိုက်ဇော်လ်မြို့ရှိ ဟိုတယ်တခုမှာ ဒီဇင်ဘာ ၂၂ ရက် နေ့လယ်က ဖမ်းဆီးရမိခဲ့တယ်လို့ မီဇိုရမ်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အသက် ၂၇ နှစ်အရွယ် မြန်မာနိုင်ငံသား အဲလက်စ်ဗာလာလ်ရွတ်အာနဲ့ အသက် ၂၀ နှစ် အရွယ် အိန္ဒိယနိုင်ငံသား ဇိုသန်ပူအာတို့ဟာ ဒီဇင်ဘာ ၁၉ ရက် ညပိုင်းက ပြည်နယ်အခွန်ရုံးခန်းကို ဖောက်ထွင်းပြီး ပိုက်ဆံထည့်ထားတဲ့ သံသေတ္တာကိုယူပြီး ရုံးရှေ့နားမှာရှိတဲ့ ဆိုင်ကယ်ကို ထပ်မံခိုးယူကာ အိုက်ဇော်လ်ခရိုင်ဘက်ကို ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။
ပြည်နယ်အခွန်ရုံး ဒုကော်မရှင်နာက ဒီဇင်ဘာ ၁၉ ရက် ညက အခွန်ရုံးထဲမှာထားတဲ့ အခွန်ကောက်ခံငွေ ရူပီး ၁,၁၀၀,၅၀၀ ပျောက်ဆုံးခဲ့တာနဲ့ ပတ်သက်ပြီး မီဇိုရမ်ရဲတပ်ဖွဲ့ထံ တိုင်ကြားထားပါတယ်။
မီဇိုရမ်ရဲတပ်ဖွဲ့နဲ့ အိုက်ဇော်လ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး အခွန်ရုံးကို ဖောက်ထွင်းခဲ့တဲ့ အဲလက်စ်ဗာလာရွတ်အာနဲ့ ဇိုသန်ပူအာတို့အပြင် ပူးပေါင်းပါဝင်ခဲ့တဲ့ အိန္ဒိယ အထက်တန်းကျောင်းသူ ချင်းဂါးဗင်ကိုလည်း ဒီဇင်ဘာ ၂၂ ရက် နေ့လယ် ၂ နာရီက အိုက်ဇော်လာဟိုတယ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။
မြန်မာနိုင်ငံသားနဲ့ အိန္ဒိယနိုင်ငံသားတို့ ၂ ဦးဟာ အိုက်ဇော်လာဟိုတယ်ရဲ့ VIP အခန်းမှာ ငှားနေကြပြီး သူတို့အခန်းထဲမှာ ရူပီး ၄၃၅,၀၀၀ နဲ့ ဖုန်းအပါအဝင် အသုံးအဆောင် အသစ်တွေကို သိမ်းဆည်းရမိခဲ့ပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ သံသယတရားခံ မြန်မာနိုင်ငံသား အပါအဝင် ၃ ဦးကို တရားဥပဒေအတိုင်း ဆက်လက်အရေးယူသွားမယ်လို့ မီဇိုရမ်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။