တူရကီလေတပ်ဟာ အီရတ်နဲ့ ဆီးရီးယားမြောက်ပိုင်းကို ဒီဇင်ဘာ ၂၃ ရက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။
အီရတ်မြောက်ပိုင်းမှာ လွန်ခဲ့တဲ့နှစ်ရက်အတွင်း စစ်သား ၁၂ ဦး ကျဆုံးပြီးတဲ့နောက် တရားမဝင် ကာဒစ် အလုပ်သမားပါတီ (PKK) လက်နက်ကိုင်အဖွဲ့ရဲ့ ပစ်မှတ် ၂၉ ခုကို ဖျက်ဆီးခဲ့တယ်လို့ တူရကီကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ခုအချိန်အထိ အီရတ်မြောက်ပိုင်းက PKK စစ်သွေးကြွ အယောက် ၃၀ ကို သုတ်သင်ရှင်းလင်း ပြီးပြီလို့ ကာကွယ်ရေးဝန်ကြီး ယာဆာ ဂူလာရဲ့ အပြောကို ကိုးကား ပြောဆိုခဲ့ပါတယ်။
ဂူလာဟာ ညတွင်းချင်း လေကြောင်းတိုက်ခိုက်မှုအတွင်း ကွပ်ကဲရေးစင်တာမှာ ရှိခဲ့ပြီး လေယာဉ်မှူးတွေကို မိန့်ခွန်းပြောရင်း အောင်မြင်တဲ့ စစ်ဆင်ရေးအတွက် ဂုဏ်ပြုစကား ပြောခဲ့ပါတယ်။
ဒီဇင်ဘာ ၂၄ ရက်မှာ ကျဆုံးသွားတဲ့ စစ်သည်တွေရဲ့ ဈာပနအခမ်းအနားကို တက်ရောက်ခဲ့သလို ဆေးရုံမှာ ကုသနေတဲ့ ဒဏ်ရာရသူတွေကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။
တူရကီ၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ခံရတဲ့ PKK ဟာ ၁၉၈၄ ခုနှစ်မှာ တူရကီအစိုးရကို လက်နက်ကိုင် တော်လှန်ခဲ့ပါတယ်။
တူရကီဟာ အိမ်နီးချင်း အီရတ်မှာ အခြေစိုက်ထားတဲ့ PKK စစ်သွေးကြွတွေကို ထိုးစစ်ဆင်မှု တစိတ်တပိုင်းအနေနဲ့ အီရတ်နိုင်ငံထဲကို လေကြောင်းကနေ တိုက်ခိုက်တာတွေ ပုံမှန်လုပ်ခဲ့ပါတယ်။
Source/Photo-Reuters