ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ စပါးအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းဆီကို ပြောင်းရွှေ့လာတဲ့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ မိသားစုနေအိမ်ကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေချိန်မှာ သူနေထိုင်တဲ့ မြူးနစ်ဟိုတယ်ရဲ့ ဝန်ထမ်းတွေကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့လာခဲ့တဲ့ ဩဂုတ်လကတည်းက မြူးနစ်မြို့ရဲ့ ဈေးအကြီးဆုံးဟိုတယ်ထဲမှာပါတဲ့ Vier Jahreszeiten Kempinski ဟိုတယ်မှာ တည ပေါင် ၁၀,၀၀၀ နဲ့ နေထိုင်ခဲ့ပြီး ပေါင် ၁ သန်းကျော် ကုန်ကျခဲ့ပါတယ်။
တပတ်လုပ်ခ ပေါင် ၄၁၀,၀၀၀ ကျော်ရရှိနေတဲ့ စပါးတိုက်စစ်မှူးဟောင်း ဟယ်ရီကိန်းဟာ သူ့ရဲ့ စတုတ္ထမြောက်ကလေး မွေးဖွားပြီးတဲ့နောက် ဇနီးနဲ့အတူ အပန်းဖြေခရီးမသွားဘဲ ဟိုတယ်မှာသာ နေထိုင်ခဲ့ပါတယ်။
ဂျာမနီနိုင်ငံ ဗာဗေးရီးယားမှာ မိသားစုနဲ့ အတူတူနေထိုင်ဖို့ စီစဉ်ထားတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးတဲ့နောက်ပိုင်းမှာ ဟယ်ရီကိန်းဟာ သူနဲ့ ဟိုတယ်ဝန်ထမ်းတွေ တွဲရိုက်ထားတဲ့ ဓာတ်ပုံနဲ့အတူ မြူးနစ်ကို ပြောင်းလာပြီးကတည်းက အိမ်မှာနေရသလို ခံစားမှုတွေပေးခဲ့တဲ့ ဟိုတယ်ဝန်ထမ်းတွေကို ကျေးဇူးတင်တယ်လို့ ဒီဇင်ဘာ ၂၃ ရက်က အင်စတာဂရမ်မှာ မျှဝေခဲ့တာ ဖြစ်ပါတယ်။
ဟယ်ရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ဒီရာသီ ဂျာမန်ဘွန်ဒက်လီဂါ ၁၅ ပွဲ ပါဝင်ကစားပြီး ၂၁ ဂိုးသွင်းယူကာ ၅ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။
Photo-Reuters