ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ နှစ်နိုင်ငံ သဘောတူစာချုပ် (MOU) စနစ်နဲ့ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၁၇ ယောက်ဟာ အလုပ်ပုံမှန်မဆင်းရတာ၊ လုပ်အားခ မမှန်တာ၊ နေထိုင်ဖို့အခက်အခဲတွေ စတဲ့ အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ဆီက သိရပါတယ်။
ဘန်ကောက်မြို့ ဘန်ကဒီဝပ်ဘောမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုဖြစ်တဲ့ RLINGKRISNA LOETYOTA မှာ အလုပ်လုပ်ကိုင်ဖို့အတွက် မြန်မာအမျိုးသား ၁၁ ယောက်နဲ့ အမျိုးသမီး ၆ ယောက်တို့ဟာ မြန်မာနိုင်ငံက Popular Land Services ကုမ္ပဏီနဲ့ ၂ နှစ် စာချုပ်ချုပ်ပြီး စက်တင်ဘာမှာ အလုပ်စဝင်ခဲ့ပါတယ်။
အလုပ်ဝင်ပြီး ၃ လကြာတဲ့အထိ လုပ်ငန်းခွင်အတွင်း အလုပ်ပုံမှန်မဆင်းရတာ၊ လုပ်အားခ မမှန်တာ၊ ပိတ်ရက်အလုပ်ဆင်းခိုင်းပြီး လုပ်အားခ ၂ ဆ မပေးတာ၊ အမျိုးသမီး အလုပ်သမားတွေက ၁ လမှာ ၁၀ ရက်လောက်ပဲ အလုပ်ဆင်းရတာနဲ့ နေထိုင်တဲ့အဆောင်မှာ သုံးရေ အလုံအလောက်မရတာ စတဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ခံနေရတယ်လို့ ဆိုပါတယ်။
အခွင့်အရေး ချိုးဖောက်ခံနေရတာနဲ့ပတ်သက်ပြီး အလုပ်သမားတွေက ဖြေရှင်းပေးဖို့ အေဂျင်စီကို တောင်းဆိုခဲ့ပေမဲ့ မဖြေရှင်းပေးတာကြောင့် WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ဆီ အကူအညီတောင်းခံခဲ့ပါတယ်။
WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူတဦးက “အလုပ်သမားတွေက စက်ရုံကို ရောက်တာ ၃ လလောက်ရှိပြီ။ အလုပ်သမားတွေက အလုပ်လုပ်ဖို့အတွက် ကျန်အော်အတွက်ကအစ ကုန်ကျစရိတ်တွေ သိန်း ၄၀ နီးပါးလောက် ကုန်ခဲ့တာပေါ့။ ကျနော်တို့လည်း အလုပ်သမားတွေအတွက် အေဂျင်စီကို ဆက်သွယ်ခဲ့တာ အလုပ်သမားတွေ ကျန်အော် (တရားဝင် အလုပ်ပြောင်းရွှေ့လုပ်ကိုင်ခွင့်)ထုတ်ချင်ရင် တယောက်ကို ဘတ် ၁၅၀၀ ပေးရမယ်ပြောလို့ ကျနော်တို့ ကတောက်ကဆဖြစ်တယ်။ အလုပ်သမားတွေဘက်ကိုတော့ အေဂျင်စီက ကျန်အော်ပေးမယ် ဘယ်အဖွဲ့အစည်းမှ မတိုင်နဲ့လို့ ညှိတယ်။ အခုလက်ရှိ အလုပ်သမားတွေကိုတော့ ကျနော်တို့ အခုကိစ္စကို ဖြေရှင်းပေးမယ် စက်ရုံမှာပဲ အလုပ်ဆက်နေပါ” လို့ပြောပါတယ်။
မြန်မာအလုပ်သမား ၁၉ ယောက် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတာနဲ့ ပတ်သက်ပြီး WAG အဖွဲ့က သက်ဆိုင်ရာအာဏာပိုင်တွေကို အသိပေးထားသလို အေဂျင်စီနဲ့လည်း အလုပ်သမားတွေအတွက် ကျန်အော်ထုတ်ခ ပိုက်ဆံမတောင်းဖို့နဲ့ အလုပ်မဆင်းရတဲ့ ရက်တွေအတွက် လုပ်အားခ ၇၅ ရာခိုင်နှုန်းပေးဆောင်ဖို့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။
ထိုင်းနိုင်ငံ၊ ချွန်းပူလီခရိုင်၊ လယောင်မြို့မှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာလည်း ဒီဇင်ဘာအစက မြန်မာအလုပ်သမား ၂၉ ယောက် အလုပ်ပုံမှန်မဆင်းရတာ၊ စာရွက်စာတမ်းနဲ့ ဘဏ်ကတ် အသိမ်းခံရတာ စတဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်ရှားပါးတာနဲ့ စီးပွားရေး အဆင်မပြေတာတွေကြောင့် ထိုင်း၊ မလေးရှားနဲ့ တရုတ်တို့မှာ သွားရောက် အလုပ်လုပ်ကိုင်သူ သိသိသာသာ တိုးပွားလာပါတယ်။