မြန်မာနိုင်ငံတဝန်း ဖြစ်နေတဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားတွေ အများအပြား သေဆုံးနေပြီး အကျဉ်းထောင်အသီးသီးမှာ ထောင်ကျနေတဲ့ အရာရှိစစ်သည် ၆၄၅ ယောက်ကို ပြန်လွှတ်ပေးဖို့ ပြည်ထဲရေးဝန်ကြီးက ညွှန်ကြားခဲ့တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်ဟာ ဒီဇင်ဘာ ၂၁ ရက်က မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်အသီးသီးမှာရှိတဲ့ အရာရှိစစ်သည် ၆၄၅ ယောက် ပြန်လည် စစ်မှုထမ်းဆောင်ဖို့အတွက် အကျဉ်းဦးစီးဌာနချုပ်ကို ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။
အင်းစိန်ထောင်နဲ့ နီးစပ်သူတယောက်က “အင်းစိန်ထောင်ကနေ ၇၃ ယောက် ပြန်လွှတ်ပေးဖို့ ရှိတယ်။ အဲဒီအထဲမှာ ဗိုလ်မှူးတွေ၊ ဗိုလ်ကြီးတွေနဲ့ အခြားဆင့်တွေ ပါတယ်။ မနက်ဖြန်ဆို အရင်တခေါက်က အင်းစိန်ထောင်ကပဲ စစ်ပြေးမှုနဲ့ ထောင်ကျနေတဲ့သူတွေ ၃၀၀ ကျော် လွှတ်တယ်” လို့ ဒီဗွီဘီ ကို ပြောပါတယ်။
အကျဉ်းထောင်အသီးသီးက စစ်ပြေး အကျဉ်းသားတွေ ပြန်လွှတ်ရာမှာ မူလက တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်မ၊ တပ်ရင်းတွေဆီကို ပို့ဆောင်ဖို့ တိုင်းစစ်ဌာနချုပ်တွေက တာဝန်ယူရတာ ဖြစ်တယ်လို့ စစ်မှုထမ်းဟောင်းတယောက်က ပြောပါတယ်။
“လွှတ်တယ်ဆိုရင် သူတို့ကို ကြေးနန်းပုံစံ ပြန်သွင်းပြီး အင်းစိန်ထောင်က လွှတ်မယ်။ ရန်ကုန်တိုင်းစစ်ဌာနချုပ်က တာဝန်ခံပြီး မူလတပ်ရင်းကို ပြန်လွှဲပေးရတာ။ ထောင်ထဲမှာ တပ်ကလူတွေ အများကြီး။ အချို့ကလည်း ပြန်ပြီးတာဝန်မထမ်းဆောင်တော့ဘူး။ ပြစ်ဒဏ်ပဲ ဆက်ပြီးကျခံနေတာရှိတယ်” လို့ ရှင်းပြပါတယ်။
စစ်ကောင်စီက ခွင့်မဲ့ပျက်ကွက်မှုနဲ့ စစ်ပြေးမှုကြောင့် ထောင်ကျနေတဲ့ စစ်ပြေးအကျဉ်းသားတွေ စစ်မှု ပြန်ထမ်းရင် ပြန်လက်ခံမယ်လို့ ဒီဇင်ဘာ ၃ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ထုတ်ပြန်ကြေညာပြီး ဒီဇင်ဘာ ၇ ရက် အမျိုးသားနေ့မှာ အကျဥ်းထောင်အသီးသီးက အရာရှိ၊ စစ်သည် ၂၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာပေးပြီး ပြန်လည် စစ်မှုထမ်းဆောင်ခိုင်းခဲ့ပါတယ်။
အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းမြောက်ဒေသမှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က စစ်ကောင်စီတပ်စခန်း ၃၀၀ နီးပါးနဲ့ မြိုဲ့နယ် ၁၀ မြို့ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဗိုလ်မှူးချုပ် အပါအဝင် အရာရှိစစ်သည် ထောင်ချီသေဆုံးခဲ့ပါတယ်။