Home
မြန်မာသတင်း
အရာတော်က ဒုတိယအကြီးဆုံး ရဲစခန်းကို စွန့်ခွာထွက်ပြေး၊ မြိုင်တွင် စစ်သားများ တိုက်ခိုက်ခံရပြီး ၂ ဦးသေ
DVB
·
December 23, 2023
Naung Gyi I-23122023

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေဟာ တပ်စွဲထားတဲ့ ရဲစခန်းတခုကို စွန့်ခွာထွက်ပြေးသွားကြပြီး မကွေးတိုင်း၊ မြိုင်မြို့နယ်မှာတော့ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တခုနဲ့ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂ ယောက် သေဆုံးခဲ့ပါတယ်။

အရာတော်မြို့နယ်ဦ နောင်ကြီးအိုင်ရဲစခန်းမှာရှိတဲ့ စစ်ကောင်စီတပ်သားးတွေဟာ စခန်းစွန့်ခွာ ထွက်ပြေးသွားတာကို ပြည်သူ့ကာကွယ်ရေးတပ်က ဒီဇင်ဘာ ၂၂ ရက် ညပိုင်းမှာ သိရတာလို့ ဒေသခံ ပြည်သူတွေဆီကနေ သိရပါတယ်။

ဒေသခံတယောက်က “တိုက်ပွဲကတော့ အကြိမ်ကြိမ်ဖြစ်နေလို့ ကျနော်တို့ ဒေသခံတွေက နိုဝင်ဘာလလောက်ကတည်းက ရွာအပြင်ထွက်နေရတယ်။ ဒီဇင်ဘာ ၂၀ ရက်နေ့ကတော့ ကာကွယ်ရေးအဖွဲ့နဲ့ တိုက်ပွဲဖြစ်ပြီး စခန်းစွန့်ခွာ ထွက်ပြေးသွားတာ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

နောင်ကြီးအိုင်ရဲစခန်းဟာ အရာတော်မြို့နယ်မှာ ဒုတိယအကြီးဆုံး ရဲစခန်းတခုဖြစ်ပြီး အချုပ်ခန်း၊ လက်နက်တိုက်‌ပါ ရှိတယ်လို့လည်း အရာတော် ပအဖ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။

အရာတော်မြို့နယ် ပအဖတာဝန်ရှိသူတယောက်က “အရာတော်မြို့ပြီးရင် အချက်အချာကျတဲ့ ဒုတိယအကြီးဆုံးစခန်းတခုဗျ။ ဘုတလင်၊ အရာတော်၊ ဒီပဲယင်း၊ မုံရွာ သွားတဲ့ လမ်းဆုံမှာရှိတဲ့ စခန်းတခုပါ။ ဘယ်နေ့က ထွက်ပြေးတာလဲဆိုတော့ ဒီဇင်ဘာ ၂၀ ရက်နေ့ မနက်ခင်းပိုင်းကတော့ အရာတော်မြို့ လေ့ကျင့်ရေးတပ်ကနေ ရိက္ခာလာပို့တဲ့ စစ်ကြောင်းနဲ့အတူ ပြန်လိုက်သွားကြတာ ထင်တယ်ဗျ။ မနက်ခင်းပိုင်းတော့ ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်သေးတယ်။ ညနေပိုင်းကျတော့ လေယာဉ်နဲ့ စစ်ကူပေးပြီး အရာတော်လေ့ကျင့်ရေး (၁၀) ထဲ ဝင်သွားတယ်။ စခန်းစွန့်ပြေးတာကို ကျနော်တို့သိတာက ဒီဇင်ဘာ ၂၂ ရက်နေ့ နေ့ခင်းပိုင်းမှာ ဒရုန်းနဲ့ စခန်းကိုကြည့်ပြီး ညပိုင်းရှင်းလင်းရေးဝင်တော့ စစ်+တွေ မရှိတော့မှန်း သိရတယ်။ စခန်းအတွင်းကနေ ရရှိတဲ့ အသေးစိတ်ကတော့ ကျနော့်ဆီ စာရင်းမပို့သေးတော့ ဘာမှ မသိရသေးဘူး” လို့ ပြောပါတယ်။

အရာတော်မြို့နယ်မှာ အခုလို စခန်းကြီးတခုကို စွန့်ခွာထွက်ပြေးတာဟာ ပထမဆုံးဖြစ်ပြီး နောင်ကြီးအိုင်ရွာဟာ  အိမ်ခြေ ၂၀၀၀ လောက်ရှိတဲ့ရွာ ဖြစ်ပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာတော့ ဒီဇင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တခုနဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂ ယောက် သေဆုံး၊ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖ ဆီကနေ သိရပါတယ်။

မြိုင်မြို့ စီမံကိန်းရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ၊ ပျူစောထီးတွေနဲ့ သူတို့ရဲ့ စစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာ ၂၂ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ မြိုင် ပ.က.ဖ ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသုခက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၁ ယောက်နဲ့ ပျူစောထီး ၁ ယောက် သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ အထိုင်ချပြီး ခရီးသွားပြည်သူတွေကို မတရားဖမ်းဆီးတာတွေ၊ ငွေညှစ်တာတွေ ပြုလုပ်နေလို့ တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

ဒါ့အပြင် သရက်ကန်ကျေးရွာကို စစ်ကြောင်းထိုး တပ်စွဲထားတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဒီဇင်ဘာ ၂၂ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ အီနာဂါဗုံးသီး ၇ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ပြောပါတယ်။

ပခုက္ကူမြို့နယ်၊ ကျပ်ထိုးရဲကင်းစခန်းကိုလည်း ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ဒရုန်းနဲ့ အီနာဂါဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ မြိုင်ပကဖ ဆီကနေ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင် ပ.က.ဖ တပ်ရင်း ၁၊ MRTF၊ ပခုက္ကူသူရိန်၊ ဓားမင်းကြီး၊ KMDF နဲ့ ဧရာအနောက်ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024