Home
မြန်မာသတင်း
ကျောက်ဖြူတွင် တိုက်ပွဲဖြစ်၊ စစ်တွေ၌ ခရီးသွားပြည်သူ ၁၁ ဦးကို ရေတပ်က ဖမ်းဆီး
DVB
·
December 22, 2023
Sittwe Police_22122023
Sittwe Police_22122023

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ ဒီဇင်ဘာ ၂၂ ရက် မနက်ပိုင်းက ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ)နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ကျောက်ဖြူမြို့နယ် ရှောက်ချောင်းကျေးရွာနားမှာ ဒီဇင်ဘာ ၂၂ ရက် မနက်က သစ်ပုတ်တောင် ရေတပ်စခန်းက စစ်ကောင်စီကားတစီးကို RPG နဲ့ လှမ်းပစ်ပြီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ အေအေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

သစ်ပုတ်တောင် ရေတပ်စခန်းက စစ်ကောင်စီတပ်သား အင်အား ၄၀ လောက်ဟာ ဒီမနက် ၄ နာရီခွဲလောက်မှာ ရှောက်ချောင်းကျေးရွာကို ဝင်ရောက်ခဲ့ပြီး ရွာထဲကနေ ပြန်ထွက်တဲ့အချိန် ၈ နာရီနဲ့ မိနစ် ၄၀ လောက်မှာ သူတို့စီးလာတဲ့ကားကို RPG တွေ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

နှစ်ဖက် အပြန်အလှန် ထိတွေ့တိုက်ပွဲ မိနစ် ၄၀ လောက်ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူ ရှိနိုင်ပေမဲ့ အတိအကျ မသိရသေးလို့ ဆက်လက်စုံစမ်းနေတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာတော့ ဒီဇင်ဘာ ၂၁ ရက် ညနေပိုင်းက  မြစ်အတွင်းမှာ ခရီးသွားပြည်သူ ၁၁ ယောက်ကို စစ်ကောင်စီရဲ့ ရေတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်တွေမြို့ကနေ စျေးရောင်းပြီး ပြန်လာတဲ့ စက်လှေ ၄ စီးနဲ့ ဒေသခံပြည်သူ ၁၁ ယောက်ကို ဒီဇင်ဘာ ၂၁ ရက် ညနေ ၄ နာရီလောက်မှာ စစ်ကောင်စီ နေဗီအမှတ် ၄၄၃ က စစ်တွေမြစ်အတွင်းမှာ ဖမ်းဆီးခဲ့တာလို့ ပေါက်တောမြို့ ဒေသခံက ပြောပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့သူတွေကတော့ ပေါက်တောမြို့နယ် ဇီးချိုမော်ကျေးရွာက ဦးမောင်သန်းမြင့်၊ ကံပြင်ကျေးရွာက ဦးအောင်ကျော်လှ၊ ဦးဆန်းယဥ်မောင်၊ တောချောင်ကျေးရွာက မမိုးနွယ်ဆန်း၊ မမြတ်သူဇာ၊ မြောက်ပြင်ကျေးရွာက မချစ်မြတ်နွယ်၊ ငှက်ချောင်းဒုက္ခသည်စခန်းက ဖူတီယာ၊ မောင်မောင် (ခေါ်) အာဘူဘော်ရှော့နဲ့ စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်က ဦးဘိုစိန်သန်းတို့ အပါအဝင် ဒေသခံပြည်သူ ၁၁ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြတာလို့ ဆိုပါတယ်။

“ဖမ်းဆီးခံရတဲ့အထဲမှာ ကျနော့်ယောက်ဖတယောက်လည်း ပါသွားတယ်။ စစ်တွေမြို့ကို ငါးသွားရောင်းပြီး ပေါက်တောမြို့နယ်ဘက်ကို စက်လှေနဲ့ ပြန်လာတဲ့အချိန်မှာ စစ်တွေမြစ်အတွင်းက ရဖီးချပ်တောင်နားက စစ်ကောင်စီရဲ့ နေဗီက ဖမ်းဆီးသွားတာဖြစ်ပြီး သူတို့ကို စစ်တွေမြို့ အမှတ် ၁ ရဲစခန်းထဲမှာ ချုပ်နှောင်ထားတယ်လို့ စုံစမ်းသိရတယ်။”

ရခိုင်ပြည်နယ်မှာ အေအေ နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ဒေသခံပြည်သူ ၂၀၀ ကျော်လောက်ကို အေအေနဲ့ ဆက်စပ်တယ်လို့ သံသယမှုအပြင် ဒေသန္တရဥပဒေတွေနဲ့ပါ ဖမ်းဆီးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024