Home
နိုင်ငံတကာ
ရုရှားနှင့် မြောက်ကိုရီးယား ဘက်စုံ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ထူထောင်
DVB
·
December 22, 2023
Russia says it is in "comprehensive" defense cooperation with North Korea

ရုရှားဟာ မြောက်ကိုရီးယားနဲ့ “ဘက်စုံ” ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ထူထောင်ခဲ့ပြီး အိန္ဒိယနဲ့ တရုတ်တို့နဲ့ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဘက်ဆက်ဆံရေးကို ဆက်လက်လုပ်ဆောင်ခဲ့တယ်လို့ ရုရှားစစ်ဦးစီးချုပ် ဗာလရီ ဂေရာဆီမို့ဗ်က နိုင်ငံခြားစစ်သံမှူးတွေကို ဒီဇင်ဘာ ၂၁ ရက်မှာ မိန့်ခွန်း ပြောပါတယ်။

“နိုင်ငံတကာနယ်ပယ်မှာ ရုရှားကို ဖယ်ကြဉ်ထားဖို့ အနောက်နိုင်ငံတွေရဲ့ ကြိုးပမ်းမှုတွေကို ဆန့်ကျင်ပြီးရုရှားကာကွယ်ရေးဝန်ကြီးဌာနဟာ စစ်ရေးနဲ့ စစ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်မှု မူဘောင်အတွင်း နိုင်ငံခြားစစ်ဌာနတွေနဲ့ အပြန်အလှန် ဆက်ဆံရေး အရှိန်အဟုန်ကို မြှင့်တင်ခဲ့ပါတယ်။”

အရှေ့တောင်အာရှနိုင်ငံများရဲ့ ကာကွယ်ရေးဌာနတွေအကြား အပြန်အလှန်ဆက်ဆံရေး ယန္တရားတခုဖြစ်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး လေ့ကျင့်မှု “SMOA Plus” ကို နိုင်ငံပေါင်း ၁၂ နိုင်ငံမှ စစ်ဘက်ဆိုင်ရာဝန်ထမ်း ၆၀၀ ကျော်ရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အောင်မြင်စွာ ပြုလုပ်ခဲ့ကြောင်းလည်း ဂေရာဆီမို့ဗ်က ပြောပါတယ်။

“အထူးစစ်ရေး စစ်ဆင်ရေး” လို့ခေါ်တဲ့ ယူကရိန်းမှာ ရုရှားရဲ့စစ်ပွဲနဲ့ပတ်သက်ပြီး အရှေ့အနောက် တင်းမာမှုတွေ တိုးလာနေတာကြောင့် မော်စကိုဟာ ဒီအဖြစ်အပျက်တွေကို ကြိုးစားဟန့်တားသွားဖို့ သန္နိဋ္ဌာန်ချထားကြောင်းလည်း ဂေရာဆီမို့ဗ်က ဆိုပါတယ်။

ဒါ့အပြင် အကျပ်အတည်း အခြေအနေတွေကို တုံ့ပြန်သွားဖို့ ဆက်သွယ်ရေးလိုင်းတွေကို ထိန်းသိမ်းထားကြောင်းလည်း ဝါရှင်တန်နဲ့ စစ်ဘက်ဆိုင်ရာ အရေးပေါ်ဖုန်းလိုင်းတွေကို ရည်ညွှန်း ပြောဆိုသွားပါတယ်။ သူက နောက်ထပ်အသေးစိတ်အချက်အလက်ကိုတော့ မပြောခဲ့ပါဘူး။

ကာကွယ်ရေးဝန်ကြီး ဆာဂီ ရွှိုင်ဂူဟာ ဇူလိုင်လတုန်းက မြောက်ကိုရီးယားကို သွားရောက်ခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်ကလည်း စက်တင်ဘာလမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ ထိပ်သီးတွေ့ဆုံမှု ပြုလုပ်ခဲ့ပြီး တခြားဖလှယ်မှုတွေလည်း ရှိခဲ့ပါတယ်။

ကင်မ်ဂျုံအန်းဟာ ယူကရိန်းစစ်ပွဲမှာ အသုံးပြုခဲ့တဲ့ လက်နက်ပစ္စည်းတွေနေရာမှာ အစားထိုးကူညီဖို့ ရုရှားကို လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ ပံ့ပိုးပေးနိုင်မှာကို အမေရိကန်နဲ့ သူ့မဟာမိတ်တွေက စိုးရိမ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။

ရုရှားဟာ လွန်ခဲ့တဲ့လက ပြုံယမ်းကို ကင်းထောက်ဂြိုဟ်တု လွှတ်တင်ရာမှာ ကူညီပေးထားကြောင်း တောင်ကိုရီးယား လွှတ်တော်အမတ်တွေက ပြောပါတယ်။

မြောက်ကိုရီးယားနဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ်ဖို့၊ အထူးသဖြင့် ပဲ့ထိန်းဒုံးကျည် အစီအစဉ်တွေနဲ့ လေကြောင်းအင်ဂျင်နီယာ နည်းပညာပိုင်းတွေမှာ ပူးပေါင်းဆောင်ရွက်မှု မလုပ်ဖို့ တားမြစ်ထားတဲ့ ရုရှား ကျောထောက်နောက်ခံပြု ကုလသမဂ္ဂမှာ ပိတ်ဆို့အရေးယူမှုတွေကို ရှောင်လွှဲနိုင်ဖို့ ရုရှားက မြောက်ကိုရီးယားကို ကူညီပေးနေခြင်း ဖြစ်နိုင်ကြောင်း အမေရိကန်က ပြောထားပါတယ်။

ကရင်မလင်ကတော့ အဲဒီစွပ်စွဲချက်ဟာ လုံးဝအခြေအမြစ်မရှိဘူးလို့ ပြောထားပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024