Home
နိုင်ငံတကာ
တောင်တရုတ်ပင်လယ်တွင်း ပြဿနာကို ရည်ညွှန်းပြီး တရုတ်က ဖိလစ်ပိုင်ကို သတိပေး
DVB
·
December 21, 2023
China_21122023

ဖိလစ်ပိုင်အနေနဲ့ ရေကြောင်းဆိုင်ရာ အခြေအနေကို လွဲမှားတွက်ချက်ပြီး သူ့ကိုယ်ပိုင်လမ်းစဉ်အတိုင်းဆက်လုပ်နေမယ် ဒါမှမဟုတ် မကောင်းတဲ့ ရည်ရွယ်ချက်ရှိတဲ့ ပြင်ပအင်အားစုတွေနဲ့ ပူးပေါင်းလုပ်ဆောင်လာမယ်ဆိုရင် တရုတ်နိုင်ငံဟာ သူ့အခွင့်အရေးတွေကို ကာကွယ်ပြီး ပြတ်ပြတ်သားသား တုံ့ပြန်သွားမယ်လို့ တရုတ်က သတိပေးလိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ တောင်တရုတ်ပင်လယ်မှာ သူတို့နိုင်ငံတွေရဲ့ တင်းမာမှု အခြေအနေတွေကို ရည်ညွှန်းပြီး ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဆီကို ဒီဇင်ဘာ ၂၀ ရက်က တယ်လီဖုန်းပြောကြားရင်း မှတ်ချက်ပေးခဲ့တာလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်နဲ့ ဖိလစ်ပိုင်တို့ဟာ နှစ်ဖက်စလုံးက တောင်းဆိုထားတဲ့ ပိုင်နက်နယ်မြေတွေ တလျှောက် အငြင်းပွားမှုတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် မကြာသေးတဲ့ လပိုင်းအတွင်းမှာ တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုတွေက တဖြည်းဖြည်း တိုးလာခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်တွေအကြား အန္တရာယ်ရှိတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို အသုံးပြုခဲ့တယ်လို့ နှစ်ဖက်စလုံးက အပြန်အလှန် စွပ်စွဲထားပါတယ်။

ဖိလစ်ပိုင်ဟာ တရုတ်သင်္ဘောတွေရဲ့ မီးသတ်ပိုက်တွေ အသုံးပြုမှုရန်စမှုနဲ့  တောင်တရုတ်ပင်လယ်ရှိ စစ်သင်္ဘောဟောင်းမှာ တပ်စွဲထားတဲ့ သူ့တပ်ဖွဲ့တွေအတွက် ထောက်ပံ့ရေးမစ်ရှင်တွေ ပိတ်ဆို့ခံရမှုတွေနဲ့ပတ်သက်ပြီး တရုတ်ကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

ဒီအငြင်းပွားမှုကြောင့် ဒေသတွင်း စစ်ရေးနဲ့ နိုင်ငံရေး ပြိုင်ဆိုင်မှုတွေ အထူးသဖြင့် တရုတ်နဲ့ အမေရိကန်တို့အကြားက အပြိုင်အဆိုင်တွေကို အားပိုကောင်းအောင် မီးလောင်ရာလေပင့် ဖြစ်ခဲ့ရပါတယ်။

တရုတ်နိုင်ငံက သူ့ရဲ့ရေတပ်ကို နေရာယူထားနိုင်ဖို့ စီမံထားရှိပြီး အမေရိကန်ကလည်း ဂျပန်နဲ့ ဖိလစ်ပိုင်တို့လို အစဉ်အလာ လုံခြုံရေးမဟာမိတ်ဟောင်းတွေနဲ့ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံတို့လို လုံခြုံရေးမဟာမိတ်အသစ်တွေ နှစ်မျိုးစလုံးနဲ့ ဆက်ဆံရေးကို နက်ရှိုင်းအောင် လုပ်ဆောင်နေချိန် ဖြစ်ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024