Home
မြန်မာသတင်း
ဟုမ္မလင်း၌ စစ်ရှောင်များခိုလှုံနေသည့် ဘုန်းကြီးကျောင်း မီးလောင်၊ ကိုရင် ၁ ပါး အသက်ဆုံးရှုံး
DVB
·
December 21, 2023
HomMaLin Monasty Fire_21122023

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နားမော်ကျေးရွာမှာ ဒီဇင်ဘာ ၂၀ ရက် မနက်ပိုင်းက ဘုန်းကြီးကျောင်းတကျောင်း မီးလောင်ပြီး ကိုရင်တပါး သေဆုံးသွားကြောင်း သိရပါတယ်။

လွှစင်ကုန်းကျေးရွာနဲ့ နောင်ပိုအောင်ကျေးရွာက စစ်ဘေးရှောင်ပြည်သူ ၄၀၀ နီးပါး လာရောက်တိမ်းရှောင်နေတဲ့ နားမော် ဘုန်းတော်ကြီးကျောင်း မီးလောင်ပြာကျပြီး အသက် ၈ နှစ်အရွယ် ကိုရင်တပါး အသက်ဆုံးရှုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ အမျိုးသားတဦးက “ကျောင်းဝင်းထဲမှာက စစ်ဘေးရှောင် ၄၀၀ နီးပါး လာရောက်ခိုလှုံနေတာ။ မနက် ၁ နာရီလောက် လောင်တာ။ မီးလောင်တာကတော့ တရားစခန်းဖွင့်တဲ့ ကျောင်းဆောင်ကြီး ပြာကျသွားတယ်။ ဘုန်းကြီးတွေနေတဲ့ အဆောင်ပေါ့။ အဲဒီအထဲနေတဲ့ ကိုရင်တပါးလည်း မီးလောင် အသက်ဆုံးသွားတယ်။ ဘယ်လိုစလောင်လဲ ဆိုတာကတော့ တိတိကျကျကို မသိရသေးဘူး” လို့ ပြောပါတယ်။

ဘုန်းတော်ကြီးကျောင်း မီးလောင်လို့ အသက် ၈ နှစ်အရွယ် ကိုရင်တပါး သေဆုံးတာနဲ့ ပတ်သက်ပြီး ဒေသခံတွေက ပေါ့ဆမီးကြောင့်လည်းကောင်း၊ ဒရုန်းနဲ့ ဗုံးပစ် တိုက်ခိုက်ခြင်းကြောင့်လည်းကောင်း အမျိုးမျိုး ပြောဆိုနေကြပေမဲ့ ဒီဗွီဘီအနေနဲ့ အတည်ပြုဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

နားမော်ကျေးရွာဟာ ဟုမ္မလင်းမြို့နဲ့ ၁၀ မိုင်ကျော် အကွာအဝေးမှာ တည်ရှိကာ အိမ်ခြေ ၄၀၀ ကျော် တည်ရှိပြီး ရှမ်းနီတိုင်းရင်းသားအများစု နေထိုင်တဲ့ကျေးရွာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024