ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်ထဲက စစ်ကောင်စီရဲ့ အင်ခါဂါးတပ်စခန်းကို ဒီဇင်ဘာ ၁၉ ရက် မနက် ၁၁ နာရီလောက်မှာ ခါကာဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
အင်ခါဂါးတပ်စခန်းဟာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ကျော် တပ်စွဲထားတဲ့ စခန်းတခုဖြစ်ပြီး တိုက်ခိုက်စရာမလိုဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး ထွက်ပြေးခဲ့တယ်လို့ ရှေ့တန်းရောက် KPF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“ကျနော်တို့ အရိပ်ပဲပြတုန်းရှိသေးတယ်၊ သူတို့တပ်ဖွဲ့ဝင်အားလုံး ထွက်ပြေးသွားတယ်။ သူတို့စခန်းတချို့ကို သူတို့ဘာသာ မီးရှို့ထွက်ပြေးသွားတာ။ ကျန်တဲ့နေရာနဲ့ အိမ်တွေကို မီးရှို့ဖျက်ဆီးလိုက်တယ်။ သူတို့ထောင်ထားတဲ့ မိုင်းတချို့ကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်။”
စစ်ကောင်စီရဲ့ အင်ခါဂါးတပ်စခန်းကို KPF၊ KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်ထားတာဖြစ်ပြီး အင်ခါဂါးတပ်စခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်တို့ ပူးပေါင်းအထိုင်ချထားတဲ့စခန်း ဖြစ်ပါတယ်။