မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နာဒူးပြည်နယ်ရဲ့ အစိတ်အပိုင်း အများအပြားမှာ လမ်းတွေ ရေကြီးရေလျှံခဲ့ပြီး လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
ရထားဝန်ဆောင်မှုတွေလည်း ထိခိုက်ခဲ့ပြီး သောင်တင်နေသူတွေကို အာဏာပိုင်တွေက ကယ်ဖို့ အတတ်နိုင်ဆုံး ကြိုးပမ်းခဲ့ကြပါတယ်။
အခုလအတွင်း ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်း မိကျောင်း မုန်တိုင်းကြောင့် ပျက်စီးခဲ့တာတွေ ပြန်နာလံထူချိန်မှာ နောက်ထပ် ရေကြီးတာ ခံနေရတာပါ။
ဆိပ်ကမ်းမြို့ သူးသုခုဒီမှာ နေရာအများအပြား ရေမြုပ်နေပြီး လမ်းတွေ အသွားအလာ ပြတ်တောက်ကုန်တာကို ဒရုန်းယာဉ်ကနေ ရိုက်ကူးထားတဲ့ ရုပ်သံက ပြထားပါတယ်။
တမီလ်နာဒူးပြည်နယ်မှာ ဒီဇင်ဘာ ၁၇ နဲ့ ၁၈ ရက်တွေအတွင်း မိုးရေချိန် ၅၀ မီလီမီတာနီးပါး ရခဲ့တာပါ။
ကယ်ဆယ်ရေးအဖွဲ့တွေဟာ အိမ်တွေနဲ့ ဘုရားကျောင်းတွေက လူတွေကိုကယ်ဖို့ လေမှုတ်ဖောင်တွေကို သုံးပြီး ဘေးကင်းရာဆီ မပြောင်းနိုင်သူတွေကို ထုပ်ပိုးထားတဲ့ အစားအသောက်တွေ ဖြန့်ဝေပေးခဲ့ပါတယ်။
တမီလ်နာဒူးပြည်နယ်ဟာ ရေကြီးတာနဲ့တော့ မစိမ်းလှပါဘူး။ လွန်ခဲ့တဲ့ ၈ နှစ်က မြို့တော် ချန်နိုင်းမှာ မိုးသည်းလို့ မြို့အစိတ်အပိုင်းတွေ ရေလွှမ်းမိုးခံရပြီး လူ ၂၉၀ လောက် သေဆုံးခဲ့ပါတယ်။
Source/Photo-Reuters