ဒူးအရွတ်ဒဏ်ရာ မသက်သာသေးတဲ့ ဘရာဇီးတိုက်စစ်မှူး နေမာဟာ ကိုပါအမေရိကဖလားပြိုင်ပွဲကို လွဲချော်တော့မယ်လို့ သိရပါတယ်။
အသက် ၃၁ နှစ်ရှိ အယ်ဟီလယ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ဥရုဂွေးအသင်းနဲ့ ပွဲစဉ်မှာ ACL လို့ခေါ်တဲ့ ဒူးအရွတ်ဒဏ်ရာ ရရှိခဲ့တာပါ။
လက်ရှိအချိန်အထိ သက်သာလာခြင်း မရှိသေးတာကြောင့် လာမယ့် ၂၀၂၄ ခုနှစ် ဇွန်လမှာကျင်းပမယ့် ကိုပါအမေရိကဖလားကို လွဲချော်ဖို့ရှိနေတာပါ။
နေမာအနေနဲ့ ကိုပါအမေရိကဖလားမှာ ပါဝင်ကစားနိုင်ဖို့က စောလွန်နေသေးပြီး ဥရောပဘောလုံးလိဂ်ပွဲစဉ်တွေ ပြန်လည်စတင်မယ့် သြဂုတ်လလောက်မှသာ ပြန်လည်ကစားနိုင်ဖို့ မျှော်လင့်ကြောင်း ဘရာဇီးအသင်းဆရာဝန် ရိုဒရီဂိုလက်စ်မာက အတည်ပြုပါတယ်။
နေမာဟာ ဘယ်ဘက်ဒူးမှာရရှိခဲ့တဲ့ ACL ဒဏ်ရာကို နိုဝင်ဘာ ၂ ရက်နေ့က ဘရာဇီးမှာ ခွဲစိတ်ကုသခဲ့ရပြီး ပြန်လည်သက်သာလာမယ့် နည်းလမ်းကောင်းတွေကို လုပ်ဆောင်နေရဆဲ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာကျင်းပမယ့် ၂၀၂၄ ကိုပါအမေရိကဖလားမှာ ဘရာဇီးက ကိုလံဘီယာ၊ ပါရာဂွေးတို့နဲ့ အုပ်စု D မှာ တွေ့ဆုံနေတာ ဖြစ်ပါတယ်။
Photo-Reuters