မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်မှုအပြီး ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်နေတဲ့ကြားမှာပဲ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးတွဲအထူးစစ်ဆင်ရေး လေ့ကျင့်မှုကို ဒီဇင်ဘာ ၁၈ ရက်မှာ စတင်လိုက်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
နိုင်ငံတွင်းရှိ အထူးစစ်ကြောင်း လေ့ကျင့်ရေးနေရာတွေမှာ ပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှု ၂ ပတ်တာ ကြာမြင့်မယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဝန်ကြီးဌာနက ပံ့ပိုးပေးတဲ့ ဗီဒီယိုဖိုင်ထဲမှာ အမေရိကန်နဲ့ တောင်ကိုရီးယား လက်နက်ကိုင်စစ်သားတွေဟာ အဆောက်အအုံတခုအတွင်း စစ်ရေးလေ့ကျင့်မှုနဲ့ ပစ်မှတ်တွေကို ပစ်ခတ်မှု ပြုလုပ်နေတာကို ပြသခဲ့ပါတယ်။
မြောက်ကိုရီးယားကတော့ အမေရိကန်နဲ့ သူ့မဟာမိတ်တွေရဲ့ ရန်လိုမှုတွေ တိုးလာနေမှုကို ဆန့်ကျင်တဲ့အနေနဲ့ သူ့ရဲ့ နျူးကလီးယား တားဆီးရေးတပ်ဖွဲ့ရဲ့ စစ်ပွဲပြင်ဆင်မှုကို အတည်ပြုတဲ့ စစ်ရေးလေ့ကျင့်မှုတခုအဖြစ် သူ့ရဲ့ နောက်ဆုံးပေါ် ဟွာဆောင်း-၁၈ တိုက်ချင်းပစ်ဒုံးကျည် (ICBM) ကို တနင်္လာနေ့မှာ စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။
နိုင်ငံ့ခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ သူ့သမီးတို့ဟာ နှင်းတွေဖုံးလွှမ်းနေတဲ့ ကွင်းပြင်ထဲကနေ မီးခိုးတန်းတွေထွက်ပြီး ပျံတက်သွားတဲ့ ဒုံးကျည်ပစ်လွှတ်မှုကို စောင့်ကြည့်နေကြတဲ့ ဓာတ်ပုံတွေဆိုပြီး KCNA က ထုတ်ပြန်ထားပါတယ်။
ဒုံးကျည်ဟာ အမြင့် ၆,၅၁၈ ကီလိုမီတာထိ ရောက်ရှိခဲ့ပြီး ၁,၀၀၂ ကီလိုမီတာထိ ပျံသန်းကာ ရည်ရွယ်ထားတဲ့ပစ်မှတ်ကို အတိအကျ ထိမှန်ခဲ့ကြောင်း KCNA က ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားကို တနှစ်တာလုံး မဆင်မခြင် စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှုတွေနဲ့ ဒေါသူပုန်ထအောင် လှုံ့ဆော်ရန်စခဲ့တဲ့ ရန်လိုနေတဲ့ တပ်ဖွဲ့တွေဆီ ရှင်းလင်းပြတ်သားတဲ့ အချက်ပြမှုတခု ပေးပို့ခဲ့တာဖြစ်ကြောင်း ကင်မ်က ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ အမေရိကန်ပြည်ထောင်စုရှိ ဘယ်နေရာကိုမဆို ထိမှန်အောင် ပစ်ခတ်နိုင်တဲ့ ICBM ကို ပစ်လွှတ်ခဲ့တာဖြစ်ကြောင်း တောင်ကိုရီးယားနဲ့ ဂျပန်တို့က ဒီဇင်ဘာ ၁၈ ရက်မှာ မှတ်ချက်ပြုခဲ့ကြပါတယ်။
Source/Photo-Reuters