ဩစတြေးလျနိုင်ငံ၊ ကွင်းစလန်းပြည်နယ်မြောက်ပိုင်းမှာ မိုးသည်းထန်ပြီး ရေကြီးရေလျှံ အန္တရာယ်ကြောင့် ထောင်နဲ့ချီတဲ့ လူတွေ ပိုမြင့်တဲ့ကုန်းမြင့်တွေဆီကို ရွှေ့ပြောင်းကြဖို့ ဩစတြေးလျအာဏာပိုင်တွေက ဒီဇင်ဘာ ၁၇ ရက်မှာ တိုက်တွန်းခဲ့ပါတယ်။
ပြည်နယ် မြို့တော် ဘရစ္စဘိန်းရဲ့ မြောက်ဘက် မိုင် ၁၀၆၀ ဝန်းကျင်အကွာက ခန့်စ်မြို့ရဲ့ ဆင်ခြေဖုံးတချို့မှာ အကြီးအကျယ် ရေကြီးရေလျှံနေတယ်လို့ ကွင်းစလန်းပြည်နယ် အာဏာပိုင်တွေက ပြောပါတယ်။
ဒီမြို့မှာ လူပေါင်း ၁၇၀,၀၀၀ ဝန်းကျင်ရှိပြီး ခရီးသွားအချက်အချာနေရာလည်း ဖြစ်ပါတယ်။
အခုသီတင်းပတ်အတွင်း ဒီဒေသကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အပူပိုင်းဆိုင်ကလုန်း ဂျက်စ်ပါကြောင့် မိုးကြီးရေကြီးနေတဲ့အတွက် လူပေါင်း သောင်းနဲ့ချီပြီး လျှပ်စစ်မီး ပြတ်တောက်ခဲ့တဲ့အပြင် ဘေးလွတ်ရာဆီ ရွှေ့ပြောင်းခဲ့ရပါတယ်။
ဂရိတ်ဘယ်ရီယာ သန္တာကျောက်တန်းကြီးဆီ ဝင်ပေါက်ဖြစ်တဲ့ ခန့်စ်မြို့မှာ မုန်တိုင်းအန္တရာယ်ရှိပြီး အသက်အန္တရာယ် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
တနင်္ဂနွေနေ့နှောင်းပိုင်းမှာ ရေပမာဏဟာ ၁၉၇၁ ခုနှစ် စံချိန်တင် ရေလွှမ်းမိုးမှုဖြစ်တဲ့ ၁၃ ဒသမ ၄၅ ပေကို ကျော်လွန် စံချိန်ချိုးသွားနိုင်တယ်လို့ ဩစတြေးလျနိုင်ငံက မိုးလေဝသဌာနက ခန့်မှန်းပါတယ်။
Source/Photo - Reuters