Home
မြန်မာသတင်း
မကွေးတိုင်းတွင် စစ်တပ်နှင့်ပျူအဖွဲ့ ဒရုန်းဖြင့်ဗုံးကြဲခံရ၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေ၊ ၅ ဦး ဒဏ်ရာရ
DVB
·
December 16, 2023
drome 16122023

ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင်ရွာနဲ့ မြိုင်မြို့နယ် တွင်းမကျေးရွာက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို ဒီဇင်ဘာ ၁၄ ရက် မနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Young Force UG က သိရပါတယ်။

ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင်ကျေးရွာက စစ်ကောင်စီတပ်သားတွေနဲ့ပျူစောထီးတွေကို ဒီဇင်ဘာ ၁၄ ရက် မနက် ၉ နာရီလောက်မှာ ဒရုန်းနဲ့ အီနာဂါဗုံးသီး ၅ လုံးကြဲချ တိုက်ခိုက်ခဲ့သလို မြိုင်မြို့နယ် တွင်းမကျေးရွာက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကိုလည်း ဒရုန်းနဲ့ အီနာဂါဗုံးသီး တနေကုန်ကြဲချတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ များပြားနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို Young Force UG၊The Red Revolters၊Black Cobra၊ ပခုက္ကူသူရိန်တပ် ဖွဲ့၊ MRTFနဲ့ မြိုင်ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို သီးခြားအတည် မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မကွေးတိုင်းအတွင်း မြို့နယ် ၃ ခုမှာ ဒီဇင်ဘာ ၁၅ ရက် ညနေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် ပြည်သူ ၂ ယောက်သေဆုံးကာ ၅ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဆောမြို့နယ် ကသောင်းတောင်မှာ ဒီဇင်ဘာ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်လောက်မှာ စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဥ်တစင်းနဲ့ ပေါင် ၅၀၀ ဗုံးတလုံး ကြဲချခဲ့ပြီး လူတွေတော့ ထိခိုက်မှုမရှိဘူးလို့ ဒေသခံတယောက်က DVB ကိုပြောပါတယ်။

အဲဒီနောက် ကျောက်ဆွဲကျေးရွာဘက်ကို ဂျက်တိုက်လေယာဥ်နဲ့ အပေါ်ကနေ စက်သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေမှာ ကျည်ဖောက်ရာတွေဖြစ်ပေါ်ခဲ့ပြီး ကြီးကြီးမားမား ထိခိုက်ပျက်စီးတာမရှိသလို ထိခိုက်သူလည်း မရှိဘူးလို့ ဆိုပါတယ်။

ဆိပ်ဖြူမြို့နယ် သံပုရာပင်ကျေးရွာစာသင်ကျောင်းနားကို စစ်ကောင်စီက ဂျက်တိုက်လေယာဥ်တစင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၂ ယောက်သေဆုံးကာ ၃ ယောက်အပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိပ်ဖြူ ဒေသခံတယောက်က ပြောပါတယ်။

သေဆုံးခဲ့တဲ့ သူတွေကတော့ အသက် ၂၀ အရွယ် မယုန္ဒာနဲ့ အသက် ၂၁ နှစ်အရွယ် မမေသင်္ကြန်တို့ဖြစ်ပြီး ရွာတောင်ဘက် စာသင်ကျောင်းနားက ရေကန်မှာ ရေခတ်ဖို့ သွားတဲ့ အချိန်မှာ ဗုံးစထိမှန်ပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့သူတွေကတော့ အသက် ၁၁ လအရွယ် မသီတာသိမ့်၊ အသက် ၁ နှစ်ခွဲအရွယ် မဇင်ယမှုံထွန်း နဲ့ အသက် ၄၈ နှစ်အရွယ်ဒေါ်တင်စန်း​ထွေးတို့ဖြစ်ပြီး အရေးပေါ်ဆေးဝါးကုသမှု ခံယူနေရကာ ဒေါ်တင်စန်းထွေးကတော့ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ပြောပါတယ်။

“ပေါက်မြို့နယ်မှာ ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၄ နာရီလောက်မှာ စစ်ကောင်စီဘက်က နေရာ ၃ ခု မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲတယ်ဗျ။ ပေါက်မြို့နယ်မြောက်ပိုင်း ကျောက်မဆင်ရွာ တောင်ဘက်၊ မြောက်ဘက်ကို Mi35 တိုက်ခိုက်ရေးရဟတ်ယာဥ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပေါက်မြို့နယ် ဒေသခံတယောက်က ပြောပါတယ်။

ဒါအပြင် ပေါက်မြို့နယ်တောင်ပိုင်း ချက်ကန်ရွာနားက စာသင်ကျောင်းဝန်းကျင်ကို စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဥ်တစင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ပေါက်မြို့နယ် တောင်ပိုင်း ကျွန်းပင်ရွာနားက ယာတဲတလုံးနဲ့ ကြက်သွန်ခင်းတွေကို ဂျက်တိုက်လေယာဥ်နဲ့ ပစ်ခတ်ခဲ့လို့ တဲတလုံးထိခိုက်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

မကွေးတိုင်းအတွင်းမှာ PDF စိုးမိုးနယ်မြေတွေများပြားလာပြီး စစ်ကောင်စီဘက်က ပြန်လည်ထိန်းချုပ်နိုင်ဖို့ ခက်ခဲလာတာကြောင့် ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို ပစ်မှတ်ထားပြီး မကြာခဏ လေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024