စစ်ရေးတင်းမာနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်က လယ်ကြီးစစ်ကောင်စီစခန်းကို ဒီဇင်ဘာ ၇ ရက်က တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကတုတ်ကျင်းထဲမှာ ရှိနေတဲ့ စစ်ကောင်စီတပ်သားတဦးကို ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ကယ်ထုတ်ခဲ့ပါတယ်။
စခန်းသိမ်းပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေချိန် ဒဏ်ရာရစစ်ကောင်စီတပ်သားကို ကယ်ထုတ်ခဲ့တဲ့ ဒီရုပ်သံမှတ်တမ်းကိုတော့ မိုးကုတ်ဗျူဟာ PDF က မနေ့ နေ့လယ်မှာ ထုတ်ပြန်ပါတယ်။
ဒဏ်ရာရရှိထားတဲ့ ကတုတ်ကျင်းထဲက စစ်ကောင်စီတပ်သားကို ပူးပေါင်းတပ်ဖွဲ့က မေးမြန်းရာ ခါးမှာထိခိုက်ထားပြီး သူ့ကိုထားရစ်ခဲ့ကြောင်း ပြန်ဖြေတာကိုလည်း ရုပ်သံမှတ်တမ်းမှာ တွေ့ရပါတယ်။
လယ်ကြီးစခန်းသိမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဘက်က သုံ့ပန်းတွေအဖြစ် စစ်သား ၂ ဦး၊ ရဲ ၃ ဦးအပြင် လက်နက်ကြီး၊ လက်နက်ငယ် (၁၀) လက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို ရှင်းလင်းသိမ်းဆည်းရမိခဲ့ကြောင်း TNLA ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။